ရှမ်းယူနိုက်တက်ကိုရှုံးနိမ့်ခဲ့သည့် ကွင်းဖွင့်ဖလားပြိုင် ပွဲတွင် ရန်ကုန်ယူနိုက်တက်၏အားနည်းချက်များကို သိရှိ ပြီဖြစ်၍ ဇန်နဝါရီ ၁၂ ရက်၌ ယှဉ်ပြိုင်ရမည့် နေရှင်နယ်လိဂ်အဖွင့်ပွဲစဉ်အတွက် စိုးရိမ်ခြင်းမရှိကြောင်း ဟံသာဝတီယူနိုက်တက် နည်းပြချုပ်ဦးငွေထွန်းက ပြောဆို ခဲ့သည်။
မျှော်လင့်
၂၀၁၉ နေရှင်နယ်လိဂ်ပြိုင်ပွဲကို ယနေ့တွင် စတင် ကျင်းပမည်ဖြစ်ရာ ဟံသာဝတီယူနိုက်တက်မှာ အဝေးကွင်း၌ ရန်ကုန်ယူနိုက်တက်နှင့်ဆုံတွေ့နေပြီး ရလဒ်ကောင်းရန် နည်းပြချုပ်ဦးငွေထွန်းက မျှော်လင့်နေသည်။ "ကွင်းဖွင့် ဖလားပွဲမှာ ရန်ကုန်အသင်းက နောက်တန်းနဲ့ ကွင်းလယ် အားနည်းချက်လေးတွေရှိတယ်။ ပြီးတော့ အဓိကဂိုးသမား ကျော်ဇင်ထက်ကလည်း ကာလရှည်ပွဲပယ်ခံထားရတယ်။ ဆန်းဆက်နိုင်က ထွန်းတောက်လာမယ့် ဂိုးသမားဆိုပေမယ့် သူ့မှာလိုအပ်ချက်တွေရှိသေးတယ်ဆိုတာ ပြီးခဲ့တဲ့ကွင်းဖွင့် ဖလားပွဲမှာတွေ့ခဲ့တယ်။ ဒါကြောင့် ရန်ကုန်နဲ့ပွဲအတွက် စိုးရိမ်ခြင်းမရှိသလို ရလဒ်ကောင်းဖို့အတွက်ပါ ပြင်ဆင် ထားပါတယ်"ဟု ၎င်းက ပြောဆိုခဲ့သည်။
ရန်ကုန်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့သည် ပြိုင်ပွဲသမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု ၁၆ ကြိမ်ရှိ ခဲ့ပြီး ရန်ကုန်ယူနိုက်တက်က ၁၃ ကြိမ်အနိုင်ရခဲ့သည်။ နေရှင်နယ်လိဂ်ပွဲစဉ်(၁) အခြားပွဲစဉ်များအဖြစ် ဇန်နဝါရီ ၁၂ ရက်တွင် စစ်ကိုင်းနှင့် ရှမ်းယူနိုက်တက်၊ ဇန်နဝါရီ ၁၃ ရက်တွင် ဒဂုံနှင့်ဇွဲကပင်၊ ဆောက်သမ်းမြန်မာနှင့် ချင်းလန်း၊ ရတနာပုံနှင့် ဧရာဝတီ၊ ဇန်နဝါရီ ၁၅ ရက်တွင် ရခိုင်နှင့် မကွေးတို့ယှဉ်ပြိုင်မည်ဖြစ်သည်။














