ကွန်ဂိုသမ္မတရွေးကောက်ပွဲ ရလာဒ်ထွက်ပေါ်ပြီး အပြင်းပွား လုံခြုံရေးတပ်ဖွဲ့များ ချထား၊ မတည်မငြိမ်ဖြစ်မည် စိုးရိမ်နေ

ကွန်ဂိုသမ္မတရွေးကောက်ပွဲ ရလာဒ်ထွက်ပေါ်ပြီး အပြင်းပွား လုံခြုံရေးတပ်ဖွဲ့များ ချထား၊ မတည်မငြိမ်ဖြစ်မည် စိုးရိမ်နေ

ကွန်ဂိုသမ္မတ ရွေးကောက်ပွဲတွင် မမျှော်လင့်ဘဲ အတိုက်အခံကိုယ်စားလှယ်တစ်ဦးဖြစ်သူ ရှီဆေကဲဒီ အနိုင်ရရှိခဲ့ပြီးနောက် ၄င်း၏ ပြိုင်ဘက် မာတင်ဖေယုလူက ၄င်းသည်မဲမသမာမှုဖြင့် အနိုင်ယူကြောင်း စွပ်စွဲခဲ့သည်။ ယင်းနောက်မြို့တော်ရှိ အတိုက်အခံအုပ်စုရှိရာ ဧရိယာတွင် အစိုးရက လုံခြုံရေးတပ်များ ချထားလိုက်ရာ နိုင်ငံ မတည်မငြိမ်ဖြစ်လာမည်ကို ပြည်သူများ စိုးရိမ်နေကြောင်း သိရသည်။

ကွန်ဂိုတွင်သြဇာကြီးသည့် ကက်သလစ်ကျောင်းတော်မှ စေလွှတ်သည့်လေ့လာသူများက မဲရုံများတွင် ဖေယုလူအလွယ်တကူ အနိုင်ရရှိခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း သံတမန်များက ပြောဆိုခဲ့သည်။ သို့သော် ဖီလစ် ရှီဆေကဲဒီ အနိုင်ရကြောင်း ဇန်နဝါရီ ၁၀ ရက်၌ ရုပ်သံမှတစ်ဆင့် ထုတ်ပြန်ခဲ့ရာ ဖေယုလူက ရှီဆေကဲဒီနှင့် ရာထူးမှဆင်းပေးရတော့မည့် လက်ရှိသမ္မတ ဂျိုးဇက်ကာဘီလာတို့ လျှို့ဝှက်အပေးအယူလုပ်၍ ရလာဒ်ကိုဖန်တီးခဲ့ဖွယ်ရှိကြောင်း ဖေယုလူက စွပ်စွဲခဲ့သည်။

မဲရလာဒ်အပေါ် ဥပဒေအရစိန်ခေါ်မှုဆီ ဦးတည်နိုင်ပြီး နိုင်ငံမတည်မငြိမ်ဖြစ်လာနိုင်ကြောင်း လေ့လာသူများနှင့် ပြည်သူများက စိုးရိမ်ကြခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီဟန့်က ကွန်ဂိုအရေးစိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဇန်နဝါရီ ၁၁ ရက်၌ ဆွေးနွေးခဲ့သည်။

ရွေးကောက်ပွဲရလာဒ်ကို သပိတ်မှောက်ဆန္ဒပြကြရန် ဖေယုလူက ဆော်သြခဲ့သော်လည်း လူဦးရေ သန်း ၈၀ ရှိသည့် နိုင်ငံတွင် အများစုက ရွေးကောက်ပွဲရလာဒ်အပေါ် ဒေါသထွက်ပုံမပြခဲ့ပေ။ ကွန်ဂိုတတိယအကြီးဆုံးမြို့ ကီဆန်ဂါနီတွင် ဆန္ဒပြရန် သွေးထိုးလှုံ့ဆော်မှုရှိသော်လည်း ထိန်းချုပ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။ မည်သို့ဖြစ်စေ ဆန္ဒပြမှုများကြောင့် ကွန်ဂိုတွင် အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။