အစ္စရေး၏တစ်ပတ်ရစ် အက်ဖ် ၁၆ ဂျက်များ ခရိုအေးရှားသို့ ရောင်းချရန်အစီအစဉ် အမေရိကန်ကန့်ကွက်

အစ္စရေး၏တစ်ပတ်ရစ် အက်ဖ် ၁၆ ဂျက်များ ခရိုအေးရှားသို့ ရောင်းချရန်အစီအစဉ် အမေရိကန်ကန့်ကွက်

အစ္စရေး၏ အသုံးပြုပြီးသား တစ်ပတ်ရစ် အက်ဖ် ၁၆ ဂျက်တိုက်လေယာဉ် ၁၂ စင်းကို ခရိုအေးရှားသို့ ရောင်းချရန် အစီအစဉ်သည် အမေရိကန်ပြည်ထောင်စု၏ ကန့်ကွက်မှုကြောင့် ပျက်ပြားဖွယ်ရှိကြောင်း ခရိုအေးရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

ပြန်လည်ပြုပြင်၍ အဆင့်မြှင့်တင်ထားသည့် ယင်းတိုက်လေယာဉ်များကို ဒေါ်လာ သန်း ၅၀ဝ ဖြင့်ရောင်းချရန် အစ္စရေးနှင့် ခရိုအေးရှားတို့ ယမန်နှစ်မတ်လက ပဏာမသဘောတူညီခဲ့ပြီး ထုတ်လုပ်သူအမေရိကန်၏ ခွင့်ပြုချက်ရရန် စောင့်ဆိုင်းခဲ့သည်။
    အမေရိကန်ထုတ်နည်းပညာပါဝင်သည့်လက်နက်ကို တတိယနိုင်ငံတစ်ခုသို့လွှဲပြောင်းရန်ခွင့်ပြုချက်လိုအပ်ပြီး ဇန်နဝါရီ ၁၁ ရက်က ဇာဂရက်မြို့တွင် ခရိုအေးရှားကာကွယ်ရေးဝန်ကြီး ဒါမီယာ ကရစ္စတီစီဗစ်နှင့် အစ္စရေး ကာကွယ်ရေးဌာနအရာရှိများ တွေ့ဆုံခဲ့ပြီးနောက် အက်ဖ် ၁၆ ဘာရက်တိုက်လေယာဉ်ရောင်းချမည့်အစီအစဉ် ပျက်ပြယ်ဖွယ်ရှိကြောင်း ခရိုအေးရှားဘက်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
    လွန်ခဲ့သည့်နှစ် ၃၀ ခန့်က အစ္စရေးကလွှဲပြောင်းရယူခဲ့သည့် အက်ဖ် ၁၆ များကို ပြန်လည်ရောင်းချလိုပါက အဆင့်မြှင့်တင်မှုများကို ဖယ်ရှားရန်လိုအပ်ကြောင်း အမေရိကန်က ပြောဆိုခဲ့သည်။ 
၁၉၉၀ ပြည့်လွန်နှစ်များက စစ်ပွဲအပြီး ယူဂိုဆလပ်မှခွဲထွက်ခဲ့သည့် ခရိုအေးရှားအတွက် တစ်ကြိမ်တည်းနှင့် ငွေပမာဏအများဆုံး လက်နက်ဝယ်ယူမှု ပျက်ပြားရခြင်းအတွက် ဘဏ္ဍာရေးဆုံးရှုံးမှုမရှိကြောင်း ကရစ္စတီစီဗစ်က ပြောဆိုခဲ့သည်။ အက်ဖ် ၁၆ များကို အမေရိကန် သို့မဟုတ် ဂရိတို့မှဝယ်ယူမည့်အစား အီလက်ထရွန်နစ်နှင့်ရေဒါစနစ်များ အဆင့်မြှင့်ထားသည့် အစ္စရေး အက်ဖ် ၁၆ များကို ဝယ်ယူရန် ခရိုအေးရှားက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
    ယခုလအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတာယာဟုတို့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ယင်းတိုက်လေယာဉ်ကိစ္စ သဘောတူညီမှု မရခဲ့ပေ။
    အစ္စရေးသည် သက်တမ်းရလာသည့် အက်ဖ် ၁၆ တိုက်လေယာဉ်များနေရာတွင် ပိုမိုခေတ်မီသည့် အက်ဖ် ၃၅ တိုက်လေယာဉ်များနှင့် အစားထိုးရန်ကြိုးပမ်းနေသည်။ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် ခရိုအေးရှားသည် ရုရှားမဟာမိတ် ဆာဘီးယားနှင့် လက်နက်ယှဉ်ပြိုင်မှု ရင်ဆိုင်နေရသည်။ ဆာဘီးယားသည် မကြာမီက ရုရှားထံမှ တစ်ပတ်ရစ် မစ် ၂၉ တိုက်လေယာဉ်ခြောက်စီး လက်ခံရရှိထားသည်။