မိသားစု၏အနိုင်ကျင့်ခံရပြီး အသက်အန္တရာယ်ရှိခြင်းကြောင့်ဆိုကာ ပြည်ပတွင်ခိုလှုံရန် ထွက်ပြေးခဲ့ပြီး ထိုင်း၌ ရောက်ရှိနေခဲ့သည့် အသက် ၁၈ နှစ်အရွယ် ဆော်ဒီအမျိုးသမီးသည် ခိုလှုံနေထိုင်ရန် ကနေဒါကိုရွေးချယ်ခဲ့ပြီးနောက် ထိုင်းမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ ၄င်းကိုလက်ခံခြင်းအားဖြင့် လူ့အခွင့်အရေးအရေးကြီးပုံကို ပြသခွင့်ရ၍ ကျေနပ်မိကြောင်း ကနေဒါက ထုတ်ပြန်ခဲ့သည်။
ဆော်ဒီအမျိုးသမီးများ၏ အခွင့်အရေးအခြေအနေကို မီးမောင်းထိုးပြရာရောက်ခဲ့သည့် ရာဟက်ဖ်မိုဟာမက် အဲလ်ကွင်နင်သည် ထိုင်းမှထွက်ခွာကာ တောင်ကိုရီးယားမှတစ်ဆင့် ကနေဒါသို့ လေကြောင်းခရီးဖြင့် သွားရောက်နေပြီး ဇန်နဝါရီ ၁၃ ရက်(ယနေ့) ဖြစ်သည်။
ကုလသမဂ္ဂ၏မေတ္တာရပ်ခံချက်ကို ကနေဒါက လက်ခံခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်း လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေး မြှင့်တင်ရေး မည်မျှအရေးကြီးသည်ကို ကနေဒါကနားလည်လက်ခံကြောင်း ပြသခွင့်ရ၍ ကျေနပ် အားရမိကြောင်း ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးက ပြောဆိုလိုက်သည်။
အဲလ်ကွင်နင်သည် သြစတြေးလျ၌ ခိုလှုံလိုကြောင်း မူလက ပြောဆိုခဲ့ပြီး ၄င်းအားခိုလှုံခွင့်ပြုရန် ကနေဒါအပါအဝင် နိုင်ငံများစွာနှင့် ဒုက္ခသည်ဆိုင်ရာကုလအေဂျင်စီတို့ ဆွေးနွေးခဲ့ကြသည်။
သြစတြေးလျ၏ ခိ်ုလှုံခွင့်ပြုရေး ဆွေးနွေးမှုသည် ရှည်ကြာနေကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
အဲလ်ကွင်နင်က ကနေဒါတွင် ခိုလှုံရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ၄င်းကို ကူညီ အားပေးသူအားလုံးကို ကျေးဇူးတင်သည်ဟု ပြောဆိုခဲ့ကြောင်း၊ ၄င်းသည် ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း ထိုင်းလူဝင်မှုရဲချုပ် ဆူရာချတ်ကပြောဆိုခဲ့သည်။
အဲလ်ကွင်နင်သည် မိသားစုနှင့်အတူ ကူဝိတ်၌ရောက်ရှိနေရာမှ ဇန်နဝါရီ ၅ ရက်တွင် ထိုင်းသုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး ဆော်ဒီသံတမန်တို့က ၄င်း၏နိုင်ငံကူးလက်မှတ်သိမ်းယူခဲ့ကြောင်း ပြောဆိုလျက် လေဆိပ်ဟိုတယ်မှ ထွက်ခွာရန် ငြင်းဆိုခဲ့သည်။
ဖုန်းဖြင့် တွစ်တာအကောင့်တစ်ခုဖွင့်လှစ်လိုက်သည့် ၄င်းသည် အစ္စလာမ်ဘာသာကိုပါ စွန့်ခွာခဲ့၍ ၄င်းအားမိသားစုထံ အဓမ္မပြန်ပို့ပါကအသတ်ခံရနိုင်ကြောင်း၊ သြစတြေးလျတွင် ခိ်ုလှုံလိုကြောင်း ဖော်ပြခဲ့ရာ ထောက်ခံသူ အများအပြားပေါ်ထွက်ခဲ့ပြီး နိုင်ငံတကာအာရုံစိုက်မှုရရှိခဲ့သည်။
၄င်းကိုသတ်ဖြတ်ရန်ခြိမ်းခြောက်မှုများလည်း ရှိခဲ့ကြောင်း ဖော်ပြခဲ့ပြီးနောက် လတ်တလောတွင် အဲလ်ကွင်နင်သည် တွစ်တာအကောင့်ကို ယာယီပိတ်ထားလိုက်သည်။

















