ပြင်သစ်ဝန်ကြီးချုပ်ဟောင်းဖီလွန်နှင့် ဇနီးတို့အား ခြစားမှုဖြင့် ရုံးတင်စစ်ဆေးရန် တောင်းဆို

ပြင်သစ်ဝန်ကြီးချုပ်ဟောင်းဖီလွန်နှင့် ဇနီးတို့အား ခြစားမှုဖြင့် ရုံးတင်စစ်ဆေးရန် တောင်းဆို

ပြင်သစ်ဝန်ကြီးချုပ်ဟောင်းဖရန်ဆွာ ဖီလွန်နှင့် ဇနီးဖြစ်သူတို့အား အကျင့်ပျက်ခြစားမှုများဖြင့် ရုံးတင်စစ်ဆေးရန် ပြင်သစ်ဘဏ္ဍာရေးဥပဒေအရာရှိရုံးက တောင်းဆိုလိုက်ပြီဖြစ်သည်။

ဖီလွန်သည် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ချိန်အတွင်း ဇနီးဖြစ်သူ ပနဲလိုပီနှင့် သားသမီးနှစ်ဦးတို့အား လွှတ်တော်တွင် ဝန်ထမ်းများအဖြစ် ခန့်အပ်ထားပြီး နှစ်ပေါင်းများစွာအတွင်း ယူရို တစ်သန်း( ဒေါ်လာ ၁ ဒသမ ၁ သန်း) ပေးအပ်ခဲ့ကြောင်း ဖွင့်ချခံခဲ့ရပြီးနောက် ၂၀၁၇ ခုနှစ် ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် လူကြိုက်အများဆုံးအဆင့်မှ လျော့ကျခဲ့သည်။
    အသက် ၆၄ နှစ်အရွယ် ဖီလွန်က အမှားကျူးလွန်ခြင်းမရှိခဲ့ကြောင်း ပြောဆိုခဲ့ပြီး အခြေအမြစ်မရှိနာမည်ဖျက်ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဖီလွန်နှင့် ဇနီးဖြစ်သူတို့အား ရုံးတင်စစ်ဆေးရန် တောင်းဆိုမှုကို တရားရေးအာဏာပိုင်များထံသို့ တင်ပြလိုက်ပြီဖြစ်ကြောင်း ဥပဒေအရာရှိရုံးက ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
    ဖီလွန်သည် ပြည်သူပိုင်ငွေများကို အလွဲသုံးစားလုပ်မှု၊ ကုမ္ပဏီပိုင်ဆိုင်မှုများကို အလွဲသုံးစားလုပ်မှုနှင့် ပိုင်ဆိုင်မှုစာရင်းကို လိမ်လည်တင်ပြမှုတို့ကိုကျူးလွန်ခဲ့ကြောင်း တရားရုံးက ၂၀၁၇ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ 
ဇနီးဖြစ်သူသည်လည်း ပြည်သူပိုင်ငွေအလွဲသုံးစားမှု၊ လိမ်လည်မှုတစ်ခုမှ ငွေများရရှိမှုတို့ဖြင့် ယင်းနှစ်မှာပင် တရားစွဲဆိုခံခဲ့ရပြီးဖြစ်သည်။
    ၂၀၁၇ ခုနှစ်အစောပိုင်းတွင် ဖီလွန်သည် အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေးဆန္ဒပြသူများ၏ ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများကို လုံခြုံရေးထူထပ်စွာဖြင့် ပြုလုပ်ခဲ့ရသည်။ 
၂၀၁၇ ခုနှစ်ရွေးကောက်ပွဲတွင် လူငယ် ဧမာနွေလမာခရွန်အနိုင်ရရှိခဲ့သည်။
    ဖီလွန်သည် နီကိုလပ်စ်ဆာကိုဇီက သမ္မတအဖြစ်တာဝန်ထမ်းဆောင်ချိန်အတွင်း ၂၀ဝ၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ယခင်သမ္မတနှစ်ဦးလက်ထက်တွင်လည်း ဖီလွန်သည် အစိုးရအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ 
၁၉၈၁ ခုနှစ်တွင် ဖီလွန်သည် လွှတ်တော်အမတ်ဖြစ်ခဲ့ပြီး ယင်းအချိန်တွင် အသက် ၂၇ နှစ်သာရှိသေးသောကြောင့် အောက်လွှတ်တော်တွင် အသက်အငယ်ဆုံးအမတ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။