အိန္ဒိယနိုင်ငံ၌ ကိုးကွယ်ယုံကြည်သူ အမျိုးသမီးနှစ်ဦးကို လိင်ပိုင်းအနိုင်ကျင့်မှုဖြင့် ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသည့် နာမည်ကျော် ဘာသာရေးဂုရုကြီးတစ်ဦးသည် လွန်ခဲ့သော ၁၆ နှစ်တွင် ဂျာနယ်လစ်တစ်ဦးကိုသတ်ဖြတ်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
၎င်းကိုယ်၎င်း ဒေါက်တာ စိန့်ဂါမိဆင်းရာမ ရာဟင် အင်ဆန်ဟု ခေါ်ဆိုနေသည့် ဂုရုနှင့် အခြားလူသုံးဦးတို့သည် လူသတ်မှုကျူးလွန်ခဲ့ပြီး ၎င်းတို့၏အမှုကို ဇန်နဝါရီ ၁၇ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း တရားသူကြီး ဂျတ်ဒိ ဆင်းကပြောဆိုခဲ့သည်။
ဂုရုက နောက်လိုက်နောက်ပါအမျိုးသမီးများအား လိင်ပိုင်းအမြတ်ထုတ်နေကြောင်း ဂျာနယ်လစ် ရာမ ချန်ဒါ ချဟာထရာပါတီက သတင်းစာတွင်သတင်းရေးသား ဖော်ပြခဲ့ပြီးနောက် ဂုရုနှင့်နောက်လိုက်နောက်ပါများသည် ဂျာနယ်လစ်ကိုသတ်ဖြတ်ခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့သည် သေဒဏ်ကျခံရနိုင်ခြေရှိနေသည်။
လူသတ်မှုတွင် ဂုရုသည် အဓိကပူးပေါင်းကြံစည်သူအဖြစ် သတ်မှတ်ခံထားရသည်။ ဂုရုသည် လိင်ပိုင်းအနိုင်ကျင့်မှုဖြင့် သြဂုတ်တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် အိန္ဒိယနိုင်ငံမြောက်ပိုင်း ရိုတက်ခ်ရှိ အကျဉ်းထောင်တစ်ခုတွင် ချုပ်နှောင်ခံထားရသည်။
၎င်းသည် ရူပီး သုံးသန်း( ဒေါ်လာ ၄၇၀ဝ၀) ဒဏ်ငွေချမှတ်ခံထားရသည်။
ယမန်နှစ်တွင် ဂုရုထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် ပန်ချ်ကူလာမြို့၌ နောက်လိုက်နောက်ပါများက အကြမ်းဖက်မှုပါသည့် ဆူပူအုံကြွမှုများကိုပြုလုပ်ခဲ့ရာ လူ ၃၈ ဦးခန့်သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။
ဂုရုသည် ၎င်း၏အတ္ထုပတ္တိနှင့်ပတ်သက်သော ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အိန္ဒိယရှိ သြဇာကြီးမားသော နိုင်ငံရေးသမားများနှင့် ရင်းနှီးသော ဆက်ဆံရေးထားရှိခဲ့သည်။
၎င်းသည် ဟာယာနာပြည်နယ်ရှိ ဟက်တာ ၄၀ဝ( ဧက ၁၀ဝ၀) ရှိသော အာရှရမ်ကျောင်းတော်တွင် နောက်လိုက်နောက်ပါထောင်ပေါင်းများစွာနှင့်နေထိုင်ခဲ့သည်။

















