ဧရာဝတီယူနိုက်တက်အသင်းသည် နေရှင်နယ်လိဂ်အဖွင့်ပွဲစဉ်အဖြစ် အဝေးကွင်း၌ ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ယခုနှစ်ရာသီခေါ်ယူထားသည့် ကစားသမားအင်အားအရ အနိုင်ယူနိုင်စွမ်းရှိကြောင်း ဧရာဝတီယူနိုက်တက်နည်းပြချုပ် ဦးအောင်ခိုင်က ပွဲကြိုးစကား ပြောဆိုခဲ့သည်။
၂၀၁၉မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို ဇန်နဝါရီ ၁၂ရက်က စတင်ယှဉ်ပြိုင်နေပြီဖြစ်ရာ ဇန်နဝါရီ၁၃ရက် မွန်းလွဲ ၃နာရီခွဲတွင် ရတနာပုံအသင်း၏ အိမ်ကွင်းဖြစ်သည့် ဗထူကွင်း၌ ဧရာဝတီယူနိုက်တက် လိဂ်ပွဲဦးထွက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဧရာဝတီယူနိုက်တက်သည် ယခုနှစ်ရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ပြည်တွင်းကစားသမား ၁၅ဦးနှင့် ပြည်ပကစားသမား သုံးဦးခေါ်ယူအားဖြည့်ထားပြီး တစ်ကျော့ပြန်အောင်မြင်မှုရယူရန် ရည်မှန်းထားသည်။
" ရတနာပုံအသင်းမှာ အတွေ့အကြုံရှိတဲ့သူတွေပါတယ်။ လက်ရွေးစင်အဆင့်ကစားသမားတွေလည်းပါတယ်။ သူတို့ကို နည်းစနစ်ပိုင်းအရ သေချာထိန်းချုပ်ဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့အသင်းက ဒီနှစ်မှာ အတွေ့အကြုံရှိတဲ့ ကစားသမားကောင်းတွေ ခေါ်ထားတယ်။ အသင်းလိုက်စုဖွဲ့မှုမှာ လိုအပ်ချက်လေးတွေရှိတယ်ဆိုပေမယ့်လည်း အဝေးကွင်းမှာ ရတနာပုံအသင်းကို အနိုင်ယူနိုင်တဲ့ ခြေစွမ်းကျွန်တော်တို့မှာရှိပါတယ်" ဟု ဦးအောင်ခိုင်က ပြောဆိုခဲ့သည်။
ဧရာဝတီယူနိုက်တက်အသင်းသည် ၂၀၁၂ခုနှစ်နောက်ပိုင်း ရတနာပုံအသင်း၏ အိမ်ကွင်း၌ နိုင်ပွဲရရှိသေးခြင်းမရှိသေးဘဲ ယခုနှစ်ရာသီတွင် နိုင်ပွဲပြန်လည်ရယူရန် ဆန္ဒပြင်းပြလျက်ရှိနေသည်။ ရတနာပုံအသင်းနည်းပြ ဦးအောင်ကျော်မိုးကမှု ကစားသမားကောင်းများခေါ်ယူထားသည့် ဧရာဝတီယူနိုက်တက်ကို ရှိန်နေမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။















