ဝမ်းတွင်းမြို့နယ်တွင် လင်းမြွေ အရောင်းအဝယ်ပြုလုပ်သူ နှစ်ဦးကို သတင်းအရ ဖမ်းဆီးခဲ့ပြီး သစ်တောဥပဒေဖြင့် ဇန်နဝါရီ ၁၂ ရက်နေ့က အမှုဖွင့် အရေးယူထားသည်။
အဆိုပါနေ့လည်၂နာရီခန့်က ဝမ်းတွင်းမြို့နယ်သစ်တောအုပ်ဦးမျိုးလွင်နှင့်အဖွဲ့သည်ဝမ်းတွင်း မြို့မရဲစခန်းတပ်ဖွဲ့ဝင်များနှင့်အတူ နတ်နန်းကျေးရွာနေ ဒေါ်ခင်ဝိုင်း (၄၂)နှစ်နေအိမ်တွင် လင်းမြွေများ အရောင်း အဝယ်ပြုလုပ်နေကြောင်းသတင်းအရ ၄င်းနေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့သည်။
အဆိုပါနေအိမ်အတွင်းမှ လင်းမြွေ ရှစ်ကောင်ကို သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ နတ်နန်းကျေးရွာလမ်းပေါ်တွင် လက်ဆွဲခြင်းနှင့်မသင်္ကာဖွယ်တွေ့ရှိသူ ဂုဏ်ကျေးရွာနေဒေါ်ယဉ်ဌေး(၃၉ နှစ်)ကို စစ်ဆေးခဲ့ရာ ခြင်းအတွင်းမှလင်းမြွေ ၁၅ ကောင်ကို သိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့ နှစ်ဦးကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ဝမ်းတွင်းမြို့မရဲစခန်းက(ပ)၁၁/၁၉ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ၃၉(က)အရ အမှုဖွင့်အရေးယူထားသည်။
















