ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော စစ်ပွဲများကြောင့် တိမ်းရှောင်လာရသူများကိုကူညီရန်နှင့် တစ်ခြားကိစ္စရပ်များကိုပါ ဖြေရှင်းနိုင်ရန်အတွက် ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီ တစ်ရပ်ကိုဖွဲ့စည်းသွားမည်ဖြစ်သည်။
ဇန်နဝါရီလ ၁၂ ရက်နေ့က စစ်တွေမြို့ရှိရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်တွင်ပြုလုပ်ခဲ့သော နိုင်ငံရေးပါတီများ အရပ်ဘက်အဖွဲ့အစည်းများ သံဃာတော်များပါဝင်သည့် အစည်းအဝေးမှ ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူးဦးထွန်းအောင်ကျော်က ပြောသည်။
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ပြောဆိုချက်နှင့်ပတ်သက်ပြီး သုံးသပ်ကာ လက်ရှိအခြေအနေတွင် စစ်ပွဲအခြေအနေပြင်းထန်လာနိုင်သည့်အတွက် တစ်ဖွဲ့တစ်ပါတီ တစ်စုတည်းလုပ်ဆောင်ရန်မသင့်သဖြင့် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာနိုင်ရန် ကော်မတီကိုဖွဲ့စည်းရန် သဘောတူခဲ့ကြောင်း ၄င်းကပြောသည်။
"အဓိကတော့ ဦးဇော်ဌေးပြောကြားချက်နဲ့ပတ်သက်ပြီးသုံးသပ်တင်ပြတယ်။ ပြီးတော့ စစ်ဘေးရှောင်အခြေအနေတွေက ရာသီဥတုပြင်းထန်မှုနဲ့ လူတွေပိုပြီးများလာတဲ့ အခြေအနေတွေမှာ ဘယ်လို အကူအညီပေးမှာလဲ။ နောက်တစ်ခုက ဦးဇော်ဌေးပြောသလို ရခိုင်ပြည်နယ်မှာ စစ်ပွဲဟာ ပိုပြီးပြင်းထန်လာနိုင်တဲ့အတွက် အဓိက ဒုက္ခခံရမှာက တောထဲတောင်ထဲမှာ နေတဲ့ဆင်းရဲသားရခိုင်မျိုးနွယ်စုတွေပေါ့။ နဂိုကမှ ဒုက္ခဆင်းရဲရောက်နေကြတာ ပိုပြီးတော့ ဒုက္ခဖြစ်အောင်လုပ်တဲ့အတွက် ငြိမ်းချမ်းရေးဘယ်လိုတည်ဆောက်ကြမှာလဲ။ အကြောင်းအရာ သုံး ချက်ပေါ့။ နောက်ဆုံးတော့ ဒါဟာ အကွဲကွဲအပြားပြားလုပ်နေလို့မရဘူး။ အဲဒါကြောင့်ရခိုင်ပြည်ရဲ့ပြဿနာကို ရခိုင်ပြည်သူတစ်ရပ်လုံးကျယ်ကျယ်ပြန့်ပြန့် ပါလာနိုင်အောင် အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးဖြေရှင်းရမယ်ဆိုကြတဲ့အတွက် ရခိုင်အမျိုးသားညီညွှတ်ရေးကော်မတီ တစ်ရပ်ဖွဲ့ဖို့ အားလုံးသဘောတူခဲ့တယ်။" ဟု ၎င်းက ပြောသည်။
ကော်မတီကို အကောင်အထည်ဖော်နိုင်ရေးအတွက် လာမည့်ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရခိုင်အမျိုးသားညီညွှတ်ရေးကော်မတီဖြစ်မြောက်ရေးကော်မတီတစ်ခုကိုဖွဲ့စည်းသွားမည်ဖြစ်သည်။
အစည်းအဝေးတွင် နိုင်ငံရေးပါတီများ လူမှုအဖွဲ့အစည်းများ သံဃာတော်များ စုစုပေါင်း ၁၅၀ကျော် တက်ရောက်ခဲ့ကြသည်။
















