မြဝတီမြို့တွင် ငွေသိန်းချီထည့်ထားသည့်စုဗူးကို ခိုးယူခဲ့သူ အချိန်ပိုင်းအိမ်အကူအား သက်ဆိုင်ရာက ဇန်နဝါရီ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် နေ အသက် ၃၇ နှစ်အရွယ် ကိုနွေဦးက သက်ဆိုင်ရာသို့သွားရောက်တိုင်ကြားခဲ့သည်။
ထိုသို့တိုင်ကြားရာ၌ ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် ဇနီးဖြစ်သူနှင့်အတူ တောရ(မူလွန်)ဘ/ကကျောင်းသို့ ထမင်းသွားပို့အပြီး မွန်းလွဲ ၁ နာရီ နေအိမ်သို့ပြန် ရောက်စဉ် ဗီဒိုပေါ်တွင်တင်ထားသည့် ငွေများထည့်ထားသော စုဗူးပျောက်ဆုံးနေသည်ကိုသိရှိခဲ့သည်။ အဆိုပါစုဗူးအတွင်း ငွေကျပ် ၁၀ သိန်းခန့်ပါရှိသွားသဖြင့် စုံစမ်းဖော် ထုတ်ပေးပါရန် မြဝတီမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ နယ်ထိန်းအရာရှိ ရဲအုပ်အောင်ချမ်းမွန်နှင့်အဖွဲ့ကစုံစမ်းခဲ့သည်။
အမှုဖြင့် မသင်္ကာသူ အချိန်ပိုင်း အိမ်အကူလာရောက်လုပ်ကိုင်သူ မဇာနည်အောင်(ခ)ခင်ဦးနှင့် ပတ်သက်၍ စုံစမ်းရာ အခင်းဖြစ်ပြီးနောက်ပိုင်းတွင်ရွှေထည်ပစ္စည်းများပြုလုပ်ထားကြောင်း သတင်းရရှိခဲ့သဖြင့် ခေါ်ယူစစ်ဆေးခဲ့သည်။
မဇာနည်အောင်(ခ)ခင်ဦး (၂၁)နှစ် ကို စစ်ဆေးချက်များအရ ငွေများထည့်ထားသည့် စုဗူးကို ကိုနွေဦး၏ နေအိမ်မှ ခိုးယူခဲ့ပြီး အဆိုပါငွေများဖြင့် ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်စွပ်တစ်ကွင်းတို့ကို ဝယ်ယူခဲ့ကာ ၄င်းထံတွင် ငွေကျပ် ၃၆၀ဝ၀ သာ ကျန်ရှိကြောင်း၊ စုဗူးအတွင်း စုစုပေါင်းကျပ် ၄၁၈၀ဝ၀ သာရှိကြောင်း ပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ၄င်းခိုးယူခဲ့ပြီး ငွေများထုတ်ယူခဲ့သည့် စုဗူးခွံကို နေအိမ်ချုံပုတ်အနီး သိမ်းဆည်းရမိခဲ့ ကာ မြဝတီမြို့မရဲစခန်းတွင်(ပ)၅၅/၁၉ ရာဇသတ်ကြီးပုဒ်မ၃၈၁ အရ အမှုဖွင့်အရေးယူထားသည်။

















