ခြောက်လကြာ ပျောက်ကွယ်နေခဲ့သည့် ကိုလံဘီယာမှ ဖာ့(အက်ဖ်အေအာရ်စီ) သူပုန်ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်သူ အီဗန် မားကက်ဇ်သည် ဗွီဒီယိုဖိုင်တစ်ခုဖြင့် ပြန်လည်ပေါ်ပေါက်လာပြီး အစိုးရသည် ၂၀၁၆ ခုနှစ်က လက်မှတ်ထိုးခဲ့သည့် သမိုင်းဝင်ငြိမ်းချမ်းရေးစာချုပ်ကို သစ္စာဖောက်နေကြောင်း စွပ်စွဲလိုက်သည်။
ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီးချိန်မှစ၍ လူတန်းစားအဖွဲ့အစည်းခေါင်းဆောင် ၄၀ဝ နှင့် တိုက်ခိုက်ရေးသမားဟောင်း ၈၅ ဦးတို့ အသတ်ခံခဲ့ရကြောင်း၊ လက်ဝဲစွန်းသူပုန်အုပ်စုသည် ငြိမ်းချမ်းရေးစေ့စပ်မှုနောက်ဆုံးအဆင့်တွင် ၄င်းတို့အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးအာမခံချက်များမရမီ လက်နက်စွန့်ခဲ့ခြင်းဖြင့် ကြီးကျယ်သည့် အမှားကျူးလွန်ခဲ့ကြောင်း ဖာ့စေ့စပ်ရေးအဖွဲ့ကို ဦးဆောင်ခဲ့သူ မားကက်ဇ်က ၁၂ မိနစ်တာ ဗွီဒီယိုတွင် ပြောဆိုခဲ့သည်။
ဖာ့အဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆန့်ကျင်သူများက လက်စားချေမည်ကို စိုးရိမ်ကြောင်း အစဉ်အမြဲ ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် ဧပြီလ၌ ဖာ့အဖွဲ့မှ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျီးဆပ်ဆန်ထရစ်ချ်သည် မူးယစ်ဆေး ကုန်သွယ်မှုစွပ်စွဲချက်ဖြင့် အမေရိကန်၏တောင်းဆိုချက်အရ ဖမ်းဆီးခံခဲ့ရသည်။
ယင်းနောက်တွင် မားကက်ဇ်သည် အထက်လွှတ်တော်မှနုတ်ထွက်ခဲ့ပြီး ပုန်းရှောင်သွားခဲ့ရာမှ ယခုဗွီဒီယိုဖြင့် ပြန်လည်ပေါ်ထွက်ခဲ့သော်လည်း ၄င်း မည်သည့်နေရာတွင်ရှိကြောင်း ပြောဆိုခြင်းမပြုခဲ့ပေ။
ဖာ့ခေါ် ကိုလံဘီယာတော်လှန်ရေးလက်နက်ကိုင်အဖွဲ့သည် ယခုအခါ တော်လှန်ရေးစင်ပြိုင်ဘုံအဖွဲ့အမည်ဖြင့် နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲကာ ကိုလံဘီယာအထက်နှင့်အောက်လွှတ်တော်များတွင် အမတ်ငါးနေရာစီ ရရှိထားသည်။
အစိုးရကို စွပ်စွဲခဲ့သော်လည်း အမည်ရင်း လူစီယာနိုမာရီးန်ဖြစ်သည့် မားကက်ဇ်က ၂၀၁၆ ခုနှစ်က ဟာဗားနားတွင် ရရှိခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ကိုင်စွဲထားဆဲဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
သြဂုတ်တွင် အာဏာရရှိခဲ့သည့် လက်ရှိ ကိုလံဘီယာသမ္မတ အီဗန်ဒူကမ်သည် ဖာ့တို့နှင့် ငြိမ်းချမ်းရေး ရယူနိုင်မှုကြောင့် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရသည့် သမ္မတ ဂျူအန်မန်နျူရယ်ဆန်တို့စ်နေရာကို အစားထိုးရရှိခဲ့ပြီး ငြိမ်းချမ်းရေးသဘောတူညီမှုကို ပြစ်တင်ဝေဖန်ခဲ့သူဖြစ်သည်။

















