နှိပ်စက်ခံရမည်စိုး၍ မိသားစုထံမှထွက်ပြေးခဲ့သည့် အသက် ၁၈ နှစ်အရွယ် ဆော်ဒီအမျိုးသမီးကို ကနေဒါက ခိုလှုံခွင့် ပေးလိုက်ပြီးနောက် ၄င်းကို ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာဖရီးလန်းကိုယ်တိုင် လေဆိပ်၌ သွားရောက် ကြိုဆိုခဲ့သည်။
ယင်းကြောင့် လတ်တလော ပြေလည်ခြင်းမရှိသည့် ကနေဒါနှင့် ဆော်ဒီဆက်ဆံရေးလည်း ပိုမိုဆိုးရွားလာဖွယ် ရှိနေပြီဖြစ်သည်။
ပင်ပန်းသော်လည်း ပြုံးရွှင်နေသည့် ဆော်ဒီအမျိုးသမီး ရာဟက်ဖ် မိုဟာမက် အဲလ်ကွင်နင်သည် ကုလဒုက္ခသည် အေဂျင်စီဦးထုပ်ဆောင်းကာ ကနေဒါစာသားပါဂျာကင်ဝတ်လျက် လေယာဉ်ပေါ်မှ ဆင်းသက်ခဲ့သည်။
၄င်းသည် ဘန်ကောက်မှထွက်ခွာကာ ဆိုးလ်၌တစ်ထောက်နားပြီး တိုရွန်တိုလေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ မိသားစုနှင့်အတူ ကူဝိတ်သို့ ရောက်ရှိနေရာမှ ဘန်ကောက်သို့ တစ်ဦးတည်းထွက်ပြေးခဲ့ပြီး အစ္စလာမ်ဘာသာကိုပါ စွန့်ခွာခဲ့ခြင်းကြောင့် အဓမ္မပြန်ပို့ခံရပါက အသက်အန္တရာယ်ရှိကြောင်း တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ၄င်း၏အကူအညီတောင်းခဲ့မှုက ကမ္ဘာ၏အာရုံစိုက်မှု ရရှိခဲ့သည်။
ထိုင်းသည် ၄င်းကို ယာယီနေထိုင်ခွင့်ပေးခဲ့ပြီး ကုလဒုက္ခသည်အေဂျင်စီသည် ၄င်းအား ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကာ ၄င်းခိုလှုံလိုသည့် သြစတြေးလျအပါအဝင် နိုင်ငံများစွာနှင့် ဆွေးနွေးခဲ့သည်။
သြစတြေးလျက လက်ခံလိုသော်လည်း အတည်ပြုရန်နှောင့်နှေးနေချိန် ကနေဒါဝန်ကြီးချုပ်က ဇန်နဝါရီ ၁၁ ရက်၌ လူ့အခွင့်အရေးအရ ချက်ချင်းခိုလှုံခွင့်ပေးကြောင်း ကြေညာခဲ့ပြီး အဲလ်ကွင်နင်ကလည်းလက်ခံခဲ့၍ ၄င်းသည်ကနေဒါသို့ လျင်မြန်စွာ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်သြဂုတ်လက ဖမ်းဆီးခံဆော်ဒီအမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများကို အားပေးကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက တွစ်တာတွင်ဖော်ပြခဲ့ပြီးနောက် ဆော်ဒီအာရေဗျသည် ကနေဒါသံအမတ်ကို တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။
ယင်းနောက် ဆော်ဒီရှိ ကနေဒါရင်းနှီးမြှုပ်နှံမှုများကိုလည်း ရောင်းချပစ်စေခဲ့ပြီး ကနေဒါ၌ ပညာသင်နေသည့် ဆော်ဒီနိုင်ငံသားများ ကနေဒါမှ ထွက်ခွာရန် ညွှန်ကြားခဲ့သည်။
ကနေဒါသည် ကမ္ဘာတစ်ဝန်းတွင် လူ့အခွင့်အရေးဘက်မှ အလွန်ခိုင်မာစွာရပ်တည်ကြောင်း၊ အမျိုးသမီးအခွင့်အရေး ဆိုသည်မှာလည်း လူ့အခွင့်အရေးပင်ဖြစ်ကြောင်း ကနေဒါဝန်ကြီးဖရီးလန်းက ပြောဆိုခဲ့သည်။

















