ရုရှားနှင့်ပူးပေါင်းခြင်းရှိမရှိ ထရမ့်ကို အက်ဖ်ဘီအိုင်စုံစမ်းစစ်ဆေးခဲ့ကြောင်း သတင်းစာဖော်ပြ

ရုရှားနှင့်ပူးပေါင်းခြင်းရှိမရှိ ထရမ့်ကို အက်ဖ်ဘီအိုင်စုံစမ်းစစ်ဆေးခဲ့ကြောင်း သတင်းစာဖော်ပြ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားနှင့် လျှို့ဝှက်ပူးပေါင်းလုပ်ဆောင်နေခြင်းရှိမရှိကို အက်ဖ်ဘီအိုင်ထောက်လှမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။

၂၀၁၇ ခုနှစ် မေတွင် ထရမ့်သည် ယင်းအချိန်က အက်ဖ်ဘီအိုင်အကြီးအကဲ ဂျိမ်းစ်ကိုမေကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ဥပဒေစိုးမိုးရေးအရာရှိများ စိုးရိမ်လာခဲ့ကြောင်း သတင်းစာကဖော်ပြခဲ့သည်။ 
ထရမ့်သည် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုဟုတ်မဟုတ်ကို အက်ဖ်ဘီအိုင်က အဓိကထား စုံစမ်းစစ်ဆေးခဲ့သည်။ ယင်းကဲ့သို့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သက်သေအထောက်အထားနှင့် အကြောင်းအရင်း ခိုင်ခိ်ုင်မာမာမရှိကြောင်း ထရမ့်ကပြောဆိုခဲ့သည်။
    ဂျိမ်းစ်ကိုမေသည် အရှက်ရစရာကောင်းသူဖြစ်ပြီး ၎င်း၏လက်ထက် အန်ဒရူး မက်ကဘဲမှာမူ အက်ဖ်ဘီအိုင်၏ထုတ်ပယ်ခြင်းခံရသည့် လူလိမ်တစ်ဦးသာဖြစ်ကြောင်း အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ဆာရာ ဟက်ကဘီးကပြောဆိုခဲ့သည်။ 
ရုရှားနှင့် အခြားနိုင်ငံများက အမေရိကန်အပေါ် လွှမ်းမိုးသည်ကို သည်းခံခဲ့သည့် သမ္မတအိုဘားမားနှင့် ကွဲပြားစွာပင် သမ္မတထရမ့်သည် ရုရှားအပေါ် ပတ်ကြမ်းတိ်ုက်ခဲ့ကြောင်း ဟက်ကဘီးကပြောဆိုခဲ့သည်။
    ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဟီလာရီကလင်တန်ရှုံးနိမ့်ပြီး ထရမ့် အနိုင်ရရှိရေးအတွက် ရုရှားသည် ဆိုက်ဘာတိုက်ခိုက်မှုကျူးလွန်ခဲ့ပြီး  လူမှုမီဒီယာတွင် သတင်းတုများဖန်တီးခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးဌာနများက အတည်ပြုခဲ့ပြီးဖြစ်သည်။
    ထရမ့်သည် သိသိကြီးနှင့် အမေရိကန်အကျိုးစီးပွားကိုလျစ်လျူရှုကာ ရုရှားကိုကူညီခဲ့ခြင်းရှိမရှိနှင့် ထရမ့်သည် ရုရှား၏သြဇာသက်ရောက်မှုအောက်သို့ရောက်ရှိနေခြင်းရှိမရှိတို့ကို အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ 
ထရမ့်က သစ္စာရှိရန်တောင်းဆိုခဲ့ပြီး ၎င်း၏အမျိုးသားလုံခြုံရေးအကြံပေး မိုက်ကယ်ဖလင်းကို ဆက်လက်စုံစမ်းစစ်ဆေးမှုမပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း ဂျိမ်းစ်ကိုမေက လွှတ်တော်၏ကြားနာစစ်ဆေးမှုအတွင်း ပြောဆိုခဲ့သည်။
    အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့် တွေ့ဆုံပတ်သက်မှုများရှိခဲ့ကြောင်းကို ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်ခဲ့သည်ဟု ဖလင်းက ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ဝန်ခံခဲ့သည်။ 
၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ထရမ့်၏မဲဆွယ်စည်းရုံးရေးအဖွဲ့ဝင်များ ရုရှားနှင့်ပတ်သက်ခဲ့ခြင်းရှိမရှိကို စုံစမ်းစစ်ဆေးနေသည့် အက်ဖ်ဘီအိုင်အကြီးအကဲဟောင်း ရောဘတ်မြူလာ၏ လုပ်ဆောင်မှုများနှင့် အက်ဖ်ဘီအိုင်၏စစ်ဆေးမှုများကြား ပတ်သက်မှုရှိနေသည်။ 
မြူလာ၏စုံစမ်းစစ်ဆေးမှုသည် သမိုင်းတစ်လျှောက်နိုင်ငံရေးအရ အကြီးမားဆုံးအပြစ်မရှိအပြစ်ရှာလုပ်ကြံခြင်းသာဖြစ်ကြောင်း ထရမ့်က ပြောဆိုခဲ့သည်။