ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန်နုတ်ထွက်ရေး(ဘရက်ဇစ်)သဘောတူညီမှု ကျရှုံးလျှင် မိမိတို့၏ဒီမိုကရေစီအပေါ် ခွင့်မလွှတ်နိုင်လောက်အောင် ယုံကြည်မှု အကြီးအကျယ်ကျိုးပေါက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ထရီဆာမေက သတိပေးခဲ့သည်။
ဆန်းဒေးအိပ်ပရက်စ်သတင်းစာတွင် မေက ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်၌ အောက်လွှတ်တော်တွင် မဲခွဲရာ၌ ဘရက်ဇစ်သဘောတူညီချက်ကို ထောက်ခံကြရန် မေတ္တာရပ်ခံခဲ့သည်။
အီးယူနှင့်သဘောတူညီချက် အတည်မပြုဘဲ ထွက်ခွာခြင်းဖြင့် ဗြိတိန်အတွက် အလွန်စွန့်စားရာ မရောက်စေသင့်ကြောင်း မေက ပြောဆိုခဲ့သည်။ မဲခွဲမှုတွင် သဘောတူညီချက်အား အတည်မပြုမည့် အလားအလာသာ ရှိနေသည်။
ယင်းမဲခွဲမှုသည် မိမိတို့မျိုးဆက်ဘာလုပ်မည်နည်းဟု မည်သည့်အမတ်ကိုမဆို မေးခွန်းထုတ်ခံရနိုင်သည့် အရေးအကြီးဆုံး ဆုံးဖြတ်ရမည့်အချိန်ဖြစ်ကြောင်း၊ နိုင်ငံရေးကစားပွဲကို မေ့ပစ်ကာ နိုင်ငံအတွက် မှန်ကန်စွာ လုပ်ဆောင်ရန် အချိန်ဖြစ်ကြောင်းလည်း မေက ပြောဆိုခဲ့သည်။
လွွှတ်တော်က ဘရက်ဇစ်သဘောတူညီချက်ကို အတည်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဗြိတိန်သည် အီးယူမှ ၂၀၁၉ ခုနှစ် မတ် ၂၉ ရက်တွင် ထွက်ခွာရတော့မည်ဖြစ်သည်။ ဘရက်ဇစ်သဘောတူညီချက် အတည်မပြုဘဲထွက်ခွာလျှင် အသွင်ကူးပြောင်းရေးကာလ ရှိမည်မဟုတ်ဘဲ ယင်းသည် ဗြိတိန်အတွက် ကြီးမားစွာထိခိုက်နစ်နာစေမည်ဟု ထရီဆာမေ အစိုးရနှင့် ၄င်းအားထောက်ခံသူများက ယုံကြည်ကြသည်။
သဘောတူညီချက်မဲ့ထွက်ခွာလျှင် ဗြိတိန်သည် အီးယူစည်းမျဉ်းများကို လိုက်နာစရာမလိုဘဲ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ စည်းမျည်းများကို လိုက်နာရန် လိုအပ်သည်။ ထိုအခါတွင် သွင်းကုန်ပို့ကုန်နှင့် ဝန်ဆောင်မှု အခွန်အခသစ်များ ပေါ်ထွက်လာကာ ဗြိတိန်လုပ်ငန်းများအတွက် ကုန်ကျစရိတ်များ များပြားလာမည်ဖြစ်သည်။
ထို့ပြင် ဗြိတိန်နှင့် အီးယူအဖွဲ့ဝင်များအကြား ကုန်သွယ်ရေးသဘောတူညီမှုများလည်း ပျက်ပြားကာ ပြန်လည် ညှိနှိုင်းမှုများ ပြုလုပ်ရမည်ဖြစ်၍ ဗြိတိန်ကုန်ထုတ်လုပ်သူများအတွက် ကုန်ကြမ်းရရှိမှုများ နှောင့်နှေးမည်ဖြစ်သည်။ မြောက်ပိုင်းအိုင်ယာလန်နှင့် အိုင်ယာလန်နိုင်ငံအကြား နယ်စပ်အရေးလည်း မသဲမကွဲဖြစ်လာနိုင်သည်။
လူဝင်မှုအရေးတွင် လွတ်လပ်စွာထိန်းချုပ်ခွင့်ရမည်ဖြစ်သကဲ့သို့ အီးယူနိုင်ငံများတွင် လုပ်ကိုင်နေသည့် ဗြိတိန်ကျွမ်းကျင်သူများအတွက် မရေရာမှုများ ဖြစ်ပေါ်လာမည်ဖြစ်သည်။

















