တောင်အာဖရိကနိုင်ငံတွင်း အမျိုးသမီးများ လိင်ပိုင်းအနိုင်ကျင့်ခံရမှုဖြစ်ပွားနှုန်းမြင့်တက်နေပြီး ယင်းသည် အမျိုးသားရေးအကျပ်အတည်းဖြစ်ကြောင်း တောင်အာဖရိကသမ္မတဆရီး ရာမာဖိုဆာက ပြောဆိုခဲ့သည်။
ယင်းကြောင့် အမျိုးသားများအနေဖြင့် ကျားမအခြေခံ အကြမ်းဖက်မှုများတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ရာမာဖိုဆာကပြောဆိုခဲ့သည်။
အာဏာရ အာဖရိကအမျိုးသားကွန်ဂရက်စ်ပါတီအတွက် ရွေးကောက်ပွဲကြွေးကြော်သံထုတ်ပြန်သည့်အခမ်းအနားတွင် ရာမာဖိုဆိုက အထက်ပါအတိုင်းတိုက်တွန်းခဲ့ခြင်းဖြစ်သည်။ လိင်ပိုင်းအနိုင်ကျင့်မှု ၄၀ဝ၀ ခန့် နှစ်စဉ်ဖြစ်ပွားနေသောကြောင့် ရဲတပ်ဖွဲ့၏စာရင်းအင်းများတွင်ဖော်ပြနေသော်လည်း ယင်းသည် လက်တွေ့ဖြစ်ပွားမှုပမာဏ၏ အနည်းငယ်သာရှိဦးမည်ဖြစ်သည်။
လိင်ပိုင်းအနိ်ုင်ကျင့်မှုကို ရှုတ်ချရန် ရာမာဖိုဆာက ဒါဘန်ရှိ အားကစားရုံ၌ ပြုလုပ်သော လူထုတွေ့ဆုံပွဲတက်ရောက်လာသည့် အမျိုးသားများအားပြောဆိုခဲ့သည်။
လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမြင့်တက်လာရေးလုပ်ဆောင်မှုမှာ အောင်မြင်မှုတွေရခဲ့ပြီးပြီ၊ ဒါပေမဲ့ တောင်အာဖရိကအမျိုးသမီးတွေ အေးအေးချမ်းချမ်းနေနိုင်ဖို့အတွက် အမျိုးသားရေးအကျပ်အတည်းဖြစ်တဲ့ ကျားမအခြေခံအကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ လုပ်ဆောင်ရပါမယ် ဟု ရာမာဖိုဆာကပြောဆိုခဲ့သည်။ အမျိုးသမီးတွေ အကန့်အသတ်အချုပ်အနှောင်က လွတ်မြောက်ဖို့အတွက် အမြင်နဲ့ ရုပ်ဝတ္ထုပစ္စည်းအခြေအနေတွေကိုပြောင်းလဲဖို့လိုအပ်ပြီး ဖိနှိပ်မှုတွေဆက်ဖြစ်နေတာနဲ့ အမျိုးသမီးတွေကို ဘေးဖယ်ထုတ်တဲ့အကျင့်တွေပျောက်ဖို့လိုပါတယ် ဟု ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
လိင်ပိုင်းအနိုင်ကျင့်သူများကိုကြီးလေးသော ပြစ်ဒဏ်များချမှတ်ခြင်း၊ စုံစမ်းစစ်ဆေးမှုနှင့် ပြစ်ဒဏ်စီရင်မှုများပိုမိုတိုးတက်ကောင်းမွန်လာရေးတွက် ပိုမိုအရည်အသွေးရှိသော ရဲတပ်ဖွဲ့နှင့် ဥပဒေအာဏာပိုင်များကိုလိုအပ်ကြောင်း ရာမာဖိုဆာက ပြောဆိုခဲ့သည်။
ယောကျာ်းလေးနှင့် မိန်းကလေး တန်းတူဖြစ်သည်နှင့် ပဋိပက္ခများပြေလည်သွားရေးအတွက် အကြမ်းဖက်မှုကျူးလွန်ခြင်းသည် မှားယွင်းသော နည်းလမ်းဖြစ်သည်ကို ကလေးငယ်များသည် ငယ်ရွယ်စဉ်ကတည်းက သိနားလည်အောင် ပညာပေးရမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ ၁၂ လတာကာလအတွင်း လိင်ပိုင်းအနိုင်ကျင့်မှု ၄၀ဝ၃၅ မှုဖြစ်ပွားခဲ့ပြီး ယင်းသည် တစ်ရက်လျှင် ပျမ်းမျှ ၁၁၀ မှုဖြစ်ပွားနေခြင်းဖြစ်ကြောင်း တောင်အာဖရိကရဲတပ်ဖွဲ့၏စာရင်းအင်းများတွင်ဖော်ပြထားသည်။

















