ဆီးရီးယားမှ အမေရိကန်တပ်များ ရုပ်သိမ်းပြီးနောက် ကျန်ရစ်မည့် ကာ့ဒ်တပ်များကို တူရကီက အန္တရာယ်မပြုအောင် ကာကွယ်ပေးနိုင်မည့် သဘောတူညီချက်မျိုး ရရှိမည်ဟု အကောင်းမြင် မျှော်လင့်ထားသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောကြားလိုက်သည်။
မစ္စတာ ပွမ်ပီယိုသည် အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း ယူအေအီးသို့ ရောက်ရှိနေစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။
ဆီးရီးယားမြောက်ပိုင်းတွင် အိုင်အက်စ် ချေမှုန်းရေးအတွက် ကာ့ဒ်တပ်ဖွဲ့သည် အမေရိကန်တပ်များနှင့် နှစ်ရှည်ကြာ လက်တွဲဆောင်ရွက်ခဲ့ကြောင်း မစ္စတာ ပွမ်ပီယိုက ပြောသည်။
တူရကီအစိုးရကမူ ကာ့ဒ်တပ်များကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး ချေမှုန်းမည်ဟု ခြိမ်းခြောက်ထားသည်။
အမေရိကန်တပ်များ ဆီးရီးယားမှ ရုပ်သိမ်းမည်ဟု ပြီးခဲ့သည့်လပိုင်းက သမ္မတ ဒေါ်နယ် ထရမ့်က ရုတ်တရက် ကြေညာခဲ့သဖြင့် အရှေ့အလယ်ပိုင်းမဟာမိတ်များ စိတ်ပျက်ခဲ့ရခြင်းကို ဖျောင်းဖျနိုင်ရန်နှင့် ပြန်လည်စည်းရုံးနိုင်ရန် မစ္စတာ ပွမ်ပီယိုက ကြိုးပမ်းလျက်ရှိသည်။
မစ္စတာ ပွမ်ပီယိုက အဘူဒါဘီတွင် မိန့်ခွန်းပြောရာ၌ တူရကီသမ္မတ ရီဆပ်တေရစ် အာဒိုဂန်အနေဖြင့် ၎င်း၏ နိုင်ငံကို အကြမ်းဖက် လုပ်ရပ်များမှ ကာကွယ်ရမည့် အခွင့်အရေးရှိကြောင်း အမေရိကန်က လက်ခံသလို၊ အမေရိကန်အနေဖြင့်လည်း မိမိတို့နှင့် နှစ်ရှည်လက်တွဲခဲ့သည့် မဟာမိတ်အဖွဲ့ကို ကာကွယ်ရန် ဝတ္တရားရှိသည်ကို တူရကီက နားလည်ရန်လိုကြောင်း ဆိုထားသည်။
ကာ့ဒ်တပ်များကို အကာအကွယ်ပေးရန် အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျွန် ဘိုလ်တန်၏ မှတ်ချက်ကို ပြီးခဲ့သည့်သီတင်းပတ်က တူရကီ သမ္မတ အာဒိုဂန်က ဒေါသတကြီး ဆန့်ကျင်ရှုတ်ချခဲ့ကြောင်းလည်း တွေ့ရသည်။

















