ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ရန် ဆန္ဒရှိပါက တပ်မတော်မှ ကူညီမည်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ရန် ဆန္ဒရှိပါက တပ်မတော်မှ ကူညီမည်

စစ်တိုင်းဒေသငါးခုကို လေးလကျော်ကြာ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားသည့် အချိန်မှစပြီး နှစ်ရှည် စစ်ဘေးရှောင်များ အပါအဝင် စစ်ဘေးရှောင်ပြည်သူများ မိမိဆန္ဒအရ နေရပ်ပြန်ချင်ပါက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ သိရသည်။

''ပြန်ပါလို့တော့ အတင်းအဓမ္မမပြောပါဘူး။ အခြေမကျသေးဘူး ပြန်ချင်တယ်ဆိုရင် ကျနော်တို့ တပ်အနေနဲ့ ဘာကူညီပေးရမလဲ၊ ပြန်ဖို့ကားစီစဉ်ပေးရမလား၊ နေဖို့ထိုင်ဖို့စီစဉ်ပေးရမလား ၊အပြင်မှာ သတင်းထွက်နေသလို ကျနော်တို့က ပြန်ကို ပြန်ရမယ်ဆိုတာမဟုတ်ပါဘူး’’ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းဦးစီး အရာရှိ ဗိုလ်မှူးကြီးဝင်းထွဋ်လေးက ပြောသည်။ 

နှစ်ရှည်စစ်ဘေးရှောင်များအနေဖြင့် လုံခြုံရေးစိတ်မချရသေးကြောင်း၊နေရပ်စွန့်ခွာသည်မှာ ကြာပြီဖြစ်၍ လူနေအိမ်များ ပျက်စီးပြီး အချို့ မှာ နေစရာအိမ်ပင်မရှိတော့ကြောင်း နှစ်ရှည်စစ်ဘေးရှောင်ရွာသားများက ဆိုသည်။

``အဘွားတို့ ဒီကိုရောက်တာသုံးနှစ်ရှိပြီ။ ရွာမပြန်လိုတော့ဘူး။ ဘာလို့ဆို အိမ်တွေလည်း ပျက်စီးကုန်ပြီ။ လုပ်ကိုင်စားသောက်ဖို့အဆင်မပြေတော့ဘူး။ ဒါကြောင့် မပြန်တော့ဘူး``ဟု နမ္မတူမြို့နယ် ကြူဆော့ကျေးရွာ နှစ်ရှည်စစ်ရှောင်စခန်းတွင်နေထိုင်သူ မိုင်းယော်ကျေးရွာမှစစ်ဘေးရှောင်လာသည့် အဘွားဒေါ်အေးမိက ပြောသည်။
တပ်မတော်ဘက်မှ စစ်ရေးလှုပ်ရှားမှုများရပ်နားထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် နမ္မတူမြို့နယ်၊ သီပေါမြို့နယ်များတွင် ကျေးရွာပေါင်း ၂၀ ကျော်သည် အဆက်မပြတ် စစ်ဘေးရှောင်နေရသည်။


``အဲဒီသတင်းတော့ ကျနော်တို့လည်း ကြားပါတယ်။ ဒါပေမယ့် ပြန်လို့ကမဖြစ်သေးဘူး။ တပ်စစ်ကြောင်းကမလာတော့ဘူးဆိုပေမယ့် တောလက်နက်ကိုင်က ရှိသေးတယ်။ သူတို့အချင်းချင်းက အခုထိဖြစ်နေတုန်းပဲ။ ဒီမှာနေလာတာကလည်း နှစ်နဲ့ချီနေပြီ။ နောက်ပြီး အပစ်ရပ်တယ်ဆိုတာက လေးလပဲဆိုတော့ ဒီလေးလပြိီးရင်ဘာတွေဖြစ်လာမလဲ မသိတော့ အခုပြန်လဲ အခြေအနေကမထူးဘူး။ ဒါကြောင့်မပြန်တော့ဘူး``ဟု မန်နား ကျေးရွာမှ စစ်ဘေးရှောင်ရွာသားတစ်ဦးက ပြောသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင်နေရသည့် ရှမ်း၊ကချင်၊ပလောင်၊လီဆူး၊ကိုးကန့်လူမျိုး များသည် ၂၀၁၁ ခုနှစ်မှစတင်ပြီး ယခုချိန်ထိ ယာယီ ၊နှစ်ရှည်ဟူ၍ နှစ်မျိုးခွဲကာ တိမ်းရှောင်နေရသည်။

စစ်ဘေးရှောင်များ၏လူမှုဘဝလုံခြုံရေးကို အပြည့်အဝ တာဝန်ယူပေးစေချင်ကြောင်းလည်း အရပ်ဘက်အဖွဲ့အစည်းအချို့က ဆိုသည်။

“စစ်ရှောင်တွေ ပြန်ချင်ရင်ပြန်လို့ရပြီဆိုတာကတော့ သူတို့က သူတို့ဘက်မှာ စစ်ဖြစ်လို့ မလုံခြုံလို့ ရွှေ့လာတာဆိုတော့ ဒီအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု တစ်ခုတော့ အစိုးရက လုပ်ပေးသင့်တယ်လို့ မြင်တယ်။ သူတို့ နေရပ်မှာ လုံခြုံမှုရှိရှိ အခြေချ နေထိုင်ဖို့ဆိုတာ အများကြီး လုပ်ရဦးမှာ တပ်က အပစ်ရပ်ထားတဲ့ လေးလအတွင်းမှာ ဒါကို အလောတကြီး မလုပ်စေချင်ဘူး။ ဒါဟာ ယုံကြည်မှုကို ထိခိုက်နိုင်တဲ့ လှုပ်ရှားမှု တစ်ခုဖြစ်မှာစိုးလို့ပါ။ ဒီလေးလ အတွင်းမှာ ယုံကြည်မူတည်ဆောက်ဖို့အရေးကြီးပါတယ်။လေးလထက် နောက်ဘယ်လောက် အချိန်ဆွဲလို့ရဦးမလဲ အချိန်ရရင်ရသလောက် ဆွဲဆံ့ထားဖို့ လိုပါတယ်" ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ငြိမ်းချမ်းရေး အရပ်ဘက်အဖွဲ့အစည်းများကော်မတီဝင် နန်းစံပယ်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင်စခန်း ၂၀ နီးပါးရှိပြီး နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူ သုံးသောင်းကျော်ရှိနေသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး