ဗန်းမော်မြို့နယ်တွင် ဆီတင်တွဲရေယာဉ်မှ ကားပေါ်သို့ ဆီများပိုက်ဖြင့်ကဲ့ယူစဉ် ဆီဂေါက်နှင့်ဆီထည့် သည့် အပေါက် ပွတ်တိုက်ရာမှ မီးလောင်မှုဖြစ်ပွားကာ သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့မှု ယနေ့ ဇန်နဝါရီ ၁၃ ရက်၌ ဖြစ်ပွားခဲ့သည်။
ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာအုပ်စု ဧရာဝတီမြစ်ကမ်းဘေး၌ ဆိုက်ကပ်ထားသည့် ပုဂ္ဂလိကပိုင် ဆီတွဲရေယာဉ်ပေါ်မှ မြစ်ကမ်းပေါ်တွင်ရပ်တန့်ထားသည့် ၁၂ ဘီးယာဉ် ဂါလံ ၅၀ဝ၀ ဆန့် ဆီဘောက်ဆာမော်တော်ယာဉ်အတွင်းသို့ လောင်စာဆီများပိုက်ဖြင့် ကဲ့ထည့်စဉ် ဆီဂေါက်နှင့်ဆီထည့်သည့်အပေါက် ပွတ်တိုက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဆီဘောက်ဆာယာဉ် မီးလောင်မှုကြောင့် ဓနုဖြူမြို့နေ အောင်သန်းထိုက်(ခ)အာကာ(၂၃)နှစ်၊ ဗန်းမော်မြို့နေ နိုင်လင်းထွန်း(၂၃)နှစ်နှင့် ထွန်းထွန်းဝင်း(စိစစ်ဆဲ)တို့ မှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သည်။
ထို့ပြင် မီးလောင်ရာအနီးရှိနေသည့် မန္တလေးတိုင်းဒေသကြီး အုန်းချောမြို့နေ သက်နောင်ဦး(၂၃)နှစ်၊ နှင့် မြင်းခြံမြို့နေ ဟိန်းဇော်(၁၈)နှစ်အပါအဝင် အမျိုးသား ၃ ဦးတွင်လည်း မီးလောင်ဒဏ်ရာများရရှိခဲ့၍ ဗန်းမော်ပြည်သူ့ဆေးရုံသို့ အတွင်းလူနာ(စိုးရိမ်ရ)များအဖြစ်တင်ပို့စဉ် ဒဏ်ရာရရှိခဲ့သူ ထွန်းထွန်းဝင်းမှာ ထပ်မံသေဆုံးသွားကြောင်း သိရသည်။
မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များက မီးလောင်မှုဖြစ်ပွားရာနေရာသို့ သွားရောက်ကာ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ဗန်းမော်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရသည်။
မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စင်းခန်းနယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးဆောင် ရွက်လျက်ရှိသည်။

















