ဘုရားပေါ်မှ အလှူခံပုံးကို စက္ကူပုံးဖြင့်စွပ်လျက် ပုံးလိုက်ခိုးယူသူအား ဖမ်းမိ

ဘုရားပေါ်မှ အလှူခံပုံးကို စက္ကူပုံးဖြင့်စွပ်လျက် ပုံးလိုက်ခိုးယူသူအား ဖမ်းမိ

မိတ္ထီလာမြို့ နဂါးရုံဘုရားပေါ်မှ အလှူခံပုံးကို စက္ကူပုံးဖြင့်စွပ်လျက် ပုံးလိုက်ခိုးယူခဲ့သူအား သက်ဆိုင်ရာက ယနေ့ဇန်နဝါရီ ၁၃ ရက်နေ့တွင် အမှုဖွင့်အရေးယူထားသည်။

ယနေ့ နံနက် ၁ နာရီခန့်တွင် မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် နဂါးရုံစာသင်တိုက် အတွင်း ဆိုင်ကယ်ပေါ်တွင် စက္ကူပုံးတင်ထားသည့် မသင်္ကာဖွယ်လူတစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးထား ကြောင်းသတင်းအရ မိတ္ထီလာမြို့မရဲစခန်းရဲအုပ်ဇော်လတ်မျိုးနှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ ဖမ်းဆီးထားသူမှာ မိတ္ထီလာမြို့သပြေဝလျှပ်စစ်ဓာတ်အားခွဲရုံးဝင်းနေ ဝိုင်းမောင် (၂၄ နှစ်)ဆိုသူဖြစ်သည်။ 
၄င်းနှင့်အတူ ငွေကျပ် ၁၅၂၂၀ဝ ပါ ဘုရားကြီးဘက်စုံပြုပြင်ရန်ဟု ရေးသားထားသည့် အလှူခံပုံး ကို စက္ကူပုံးဖြင့်စွပ်လျက် ဆိုင်ကယ်ဖြင့်တင်ဆောင်လာစဉ် ကျောင်းနေ သံဃာတော်များက ဝိုင်းဝန်း ဖမ်းဆီးခဲ့သည်။

၄င်းတွင် ဦးခေါင်းပေါက်ပြဲသွေးထွက်၊ ဝဲလက်ကောက်ဝတ်ဖူးရောင်နာကျင်ဒဏ်ရာများရရှိထားသည်ကို သက်ဆိုင်ရာက တွေ့ရှိခဲ့သည်။ 
မိတ္ထီလာမြို့မရဲစခန်းက(ပ)၉/၁၉ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရ အမှုဖွင့် အရေးယူထားသည်။