တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ဇီပြည်နယ်၌ ကျောက်မီးသွေးသတ္တုတွင်း ခေါင်မိုးပြိုကျမှုကြောင့် လုပ်သား ၂၁ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
ရှန်ဇီပြည်နယ် ရှန်မူမြို့အနီးရှိ လီယာဂိုသတ္တုတွင်းတွင် ဇန်နဝါရီ ၁၂ ရက်က အခင်းဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ တွင်းလုပ်သား ၆၆ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း သိရသည်။ သတ္တုတွင်းအမိုး ပြိုကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဟု နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
မကြာခဏဖြစ်ပွား
တရုတ်အစိုးရသည် သတ္တုတွင်းဘေးကင်းလုံခြုံရေးနှင့် လုပ်ငန်းခွင် စံချိန်စံညွှန်း အဆင့် အတန်းမြင့်မားရေး အားစိုက်လုပ်ကိုင်နေသည့်တိုင် တရုတ်နိုင်ငံတွင် သတ္တုတွင်းမတော်တဆမှုများ ကြောင့် သေဆုံးဒဏ်ရာရမှုများ မကြာခဏဖြစ်ပွားနေဆဲဖြစ်သည်။ လီယာဂို သတ္တုတွင်းကို ပိုင်ကျီသတ္တုတွင်းကုမ္ပဏီက စီမံခန့်ခွဲနေခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ အသေးစိတ်အချက်အလက်များကိုမူ ထည့်သွင်းဖော်ပြထားခြင်းမရှိကြောင်း တွေ့ရသည်။
ကျောက်တုံးပိခဲ့
လွန်ခဲ့သည့်နှစ် အောက်တိုဘာကလည်း နိုင်ငံအရှေ့ပိုင်း ရှန်တုံပြည်နယ်တွင် သတ္တုတွင်း လိုဏ်ခေါင်းအမိုးပြိုကာ ကျောက်တုံးများပိမှုကြောင့် လုပ်သား ၂၁ ဦးအထိ သေဆုံးခဲ့သည်။ တရုတ် သတ္တုတွင်းလုပ်ငန်းများ ဘေးကင်းလုံခြုံရေးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်တွင် သတ္တုတွင်းမတော်တဆမှုများကြောင့် လုပ်သား ၃၇၅ ဦးအထိသေဆုံးခဲ့ ကြောင်း သိရသည်။ ထိုနှုန်းသည် ၂၀၁၆ ခုနှစ်နှင့်ယှဉ်လျှင် ၂၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ ခြင်းဖြစ်သည်။
















