ညအိပ်တည်းခိုကာ လူသတ်ပြီး ရွှေထည်များယူဆောင်ထွက်ပြေးသူနှစ်ဦးကို တွေ့ရှိက သတင်းပေးရန် ထုတ်ပြန်

ညအိပ်တည်းခိုကာ လူသတ်ပြီး ရွှေထည်များယူဆောင်ထွက်ပြေးသူနှစ်ဦးကို တွေ့ရှိက သတင်းပေးရန် ထုတ်ပြန်

ရွှေကူမြို့ရှိ နေအိမ်တစ်ခု၌ သုံးရက်ခန့် ညအိပ်တည်းခိုနေထိုင်သူ နှစ်ဦးက အိမ်ရှင်အမျိုးသမီးကိုသတ်ကာ ရွှေထည်ပစ္စည်းသိန်း ၂၀ဝ ကျော်ဖိုး ယူဆောင်သွားမှုကို သက်ဆိုင်ရာက စုံစမ်းလျက်ရှိပြီး တိမ်းရှောင်နေသူနှစ်ဦးနှင့်ပတ်သက်၍ ဆက်သွယ်သတင်းပေးနိုင်ရန် ရွှေကူမြို့မရဲစခန်းက ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။ 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ဝ၀း၃၀ နာရီ အချိန်ခန့်တွင် ရွှေကူမြို့နယ် နေ ကို----သည် နေအိမ်အိပ်ခန်းအတွင်းအိပ်နေစဉ် ညီမဖြစ်သူ ရောက်လာပြီး ၄င်းနှင့်အတူအိပ်နေသည့် အသက် ၄၃ နှစ်အရွယ် မိခင်ဖြစ်သူ မရှိတော့သဖြင့် လိုက်လံရှာဖွေရာ အိမ်ပေါ်ထပ်ရှိ အိပ်ခန်းအတွင်း ကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် လဲကျနေကာ ခေါ်၍ မရကြောင်း ပြောပြသိရသဖြင့် ကို-----က အပေါ်ထပ်အိပ်ခန်းသို့ တက်ရောက်ကြည့်ရှုခဲ့သည်။ 
မိခင်ဖြစ်သူသည် အပေါ်ထပ်အိပ်ခန်းတွင် ပက်လက်အနေအထားဖြင့် နှာခေါင်းမှ သွေးများယို ထွက်ကာ သတိမေ့နေပြီး ခန္ဓာကိုယ်တွင် အမြဲဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများနှင့် လက်ကိုင်ဖုန်းသုံးလုံး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၂၀ဝ ကျော်ဖိုးခန့် ပျောက်ဆုံးနေသည်ကို သိရှိခဲ့ရသည်။ 
ထိုသို့ပျောက်ဆုံးမှုနှင့်အတူ လွန်ခဲ့သော သုံးရက်ခန့်က နေအိမ်တွင်လာရောက်တည်းခိုနေထိုင်သူ အမျိုးသားဧည့်သည်နှစ်ဦးမှာလည်း နေအိမ်မှထွက်ခွာသွားခဲ့ကြောင်း သိရှိခဲ့သည်။ 


မေ့မျောနေသူ မိခင်ကို ဆေးရုံသို့တင်ပို့ကုသစဉ် သေဆုံးသွားခဲ့သောကြောင့် ရွှေထည်ပစ္စည်းများယူဆောင်ကာ အသက်သေဆုံးအောင်ပြုလုပ်သူနှစ်ဦးကို အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ 
အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ရွှေကူမြို့မရဲစခန်းက(ပ)၁၀/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ အရ အမှုဖွင့်ကာ ရွှေကူမြို့မရဲစခန်းမှူး ဒုရဲမှူး ဟန်မွှေးနှင့် အဖွဲ့က စုံစမ်းခဲ့သည်။ 
သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့၏ စုံစမ်းဖော်ထုတ်ချက်များအရ အခင်းဖြစ်နေအိမ်တွင် လာရောက်တည်းခို နေထိုင်သူ အမျိုးသား နှစ်ဦးမှာ ယမန်နှစ် ဒီဇင်ဘာလအတွင်းက အခင်းဖြစ်နေအိမ်တွင် ရှစ်ရက်ခန့် တည်းခိုနေထိုင်ခဲ့ကြောင်း၊ ထိုသို့တည်းခိုနေထိုင်မှုမပြုမီ ရွှေကူမြို့ ဗိုလ်ချုပ်လမ်းရှိ တည်းခိုခန်း တစ်ခုတွင် တည်းခိုနေထိုင်ခဲ့ဖူးကြောင်း၊ ကျသင့်ငွေများပေးချေမှုမရှိခြင်းကြောင့် တည်းခိုခန်း မန်နေဂျာက ၄င်းတို့ထံမှ သိမ်းဆည်းထားသည့် ထွန်းနိုင်ဝင်း အမည်ပါ နိုင်ငံသားကတ်၊ အဝတ် အထည်များကို သိမ်းဆည်းခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 
သိမ်းဆည်းခဲ့သည့် ပစ္စည်းများနှင့် နိုင်ငံသားကတ်တွင်ပါရှိသည့် ဓာတ်ပုံများနှင့် ပတ်သက်၍ သက်ဆိုင်ရာက တိုင်ကြားသူ ကို----- အား ပြသမေးမြန်းရာ နေအိမ်တွင်လာရောက် တည်းခိုနေထိုင်သူ နှစ်ဦးထဲတွင် အဆိုပါ မှတ်ပုံတင်ကတ်ကိုင်ဆောင်သူ စစ်ကိုင်းတိုင်းဒေသကြီးနေ ထွန်းနိုင်ဝင်း(၂၅ နှစ်)ပါရှိကြောင်း ပြောဆိုခဲ့သည်။ 
သက်ဆိုင်ရာ၏ စုံစမ်းချက်များအရ  ပြစ်မှုကျူးလွန်ပြီးနောက် နေအိမ်မှ ထွက်ခွာသွားသည့် ထွန်းနိုင်ဝင်းနှင့်မင်းထက်(ခ) Sai Ko (၂၇ နှစ်) တို့ နှစ်ဦးအနက် တစ်ဦးနှင့် သေဆုံးသူ အမျိုးသမီးက ချစ်ကြိုက်နေကြောင်း၊ ၄င်းတို့သည် ဇာတ်မင်းသားများဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ဖမ်းဆီး ရမိရေးအတွက် ဆက်လက်စုံစမ်းလျက်ရှိကာ ပြစ်မှုကျူးလွန်သူနှစ်ဦးနှင့်ပတ်သက်၍ ပြည်သူများ အနေဖြင့် ရဲတပ်ဖွဲ့သို့ ဆက်သွယ်သတင်းပေးနိုင်ရန် ရွှေကူမြို့မရဲစခန်းက အသိပေးထုတ်ပြန်ထားသည်။