မွန်ပြည်နယ် မော်လမြိုင်ခရိုင်နှင့်သထုံခရိုင်နှစ်ခုတွင် ဟိုတယ်၊ မိုတယ် ၁၄ လုံးခန့် ထပ်မံ ဆောက်လုပ်ရန် ဟိုတယ်လုပ်ငန်းရှင်များက လုပ်ငန်းလိုင်စင်တင်ပြထားကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
၂၀၁၇ ခုနှစ်က မွန်ပြည်နယ်တွင် ဟိုတယ် ၃၂ လုံးသာရှိခဲ့သော်လည်း လက်ရှိတွင် ၃၆ လုံး အထိရှိလာခဲ့ပြီး လုပ်ငန်းလိုင်စင်ခွင့်ပြုချက်ရ ဟိုတယ်သုံးလုံးနှင့် လုပ်ငန်းလိုင်စင်ခွင့်ပြုချက် တင်ထားသည့် ဟိုတယ်နှင့်မိုတယ် ၁၄ လုံးရှိကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာ ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွဋ်ခိုင်က ပြောဆိုသည်။
"၂၀၁၇ခုနှစ်က ဟိုတယ် ၃၂လုံး၊ တည်းခိုခန်း ၂၂ လုံး၊ စုစုပေါင်း ၅၄လုံးနဲ့ အခန်းပေါင်း ၁၇၆၄ ခန်းရှိတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဟိုတယ် ၃၆လုံး၊ တည်းခိုခန်း ၂၃လုံးနဲ့ အခန်းပေါင်း ၁၉၇၃ ခန်းရှိတယ်။ ဆောက်လုပ်ခွင့်လိုင်စင်ရဟိုတယ်နဲ့လိုင်စင်တင်ထားတဲ့ ဟိုတယ်တွေလည်း ရှိတယ်"ဟု ၎င်းကပြောဆိုသည်။
အနည်းငယ်ကျ
လက်ရှိတွင် ပွင့်လင်းရာသီဖြစ်သည့်အတွက် ဧည့်သည်ဝင်ရောက်မှုများနေသော်လည်း ဟိုတယ်များလာသည့်အတွက် ဈေးကွက်တဖြည်းဖြည်းပြန့်လာပြီး ယခင်ထက် လုပ်ငန်းအနည်း ငယ်ကျဆင်းလာကြောင်း မွန်ပြည်နယ်ဟိုတယ်လုပ်ငန်းရှင်များအသင်းဒုဥက္ကဋ္ဌ ဦးမိုးကျော်က ပြောဆိုသည်။
"အခုက ပွင့်လင်းရာသီရောက်တော့ နည်းနည်းဧည့်သည်ရှိတယ်။ ၁၀ လပိုင်း၊ ၁၁ ပိုင်းနဲ့ ၁၂ လပိုင်းတုန်းက ဧည့်သည်တွေများပါတယ်။ ကလေးတွေစာမေးပွဲပြီးတဲ့အချိန် ဧည့်သည် နည်းနည်းများဦးမယ်။ သင်္ကြန်ကျော်သွားရင်တော့ ပြန်လျော့သွားမယ်။ ဟိုတယ်တွေ များလာ တော့ Market(ဈေးကွက်)ကတော့ ပြန့်သွားမှာပေါ့။ အရင်က လူငါးယောက်လာရင် ဟိုတယ် တစ်ခုတည်းရှိရင် ဒီဟိုတယ်မှာပဲတည်းမှာပေါ့။ အခုအခြေအနေကတော့ ဟိုတယ်များတော့ ခွဲပြီးတည်းရတော့ ဈေးကွက်တော့ ပြန့်လာတယ်။ ဈေးကွက်ကိုမျှပြီးတော့ ယူလိုက်ရတဲ့သဘော ဖြစ်သွားတာပေါ့။ လုပ်ငန်းကတော့ အရင်ကထက်စာရင် သိပ်မကောင်းတော့ဘူး။ ကျသွားတာ ပေါ့"ဟု ၎င်းကပြောဆိုသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ဟိုတယ် ၁၇၀၄ လုံး အခန်းပေါင်း ၆၈၁၆၇ ခန်းကို လုပ်ငန်းလိုင်စင်ခွင့်ပြုထားပြီး မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ရက်အထိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ၅၉ လုံးအထိရှိလာကြောင်း သိရ သည်။
















