မုန့်တိုက်တွင် အလုပ်ရမည်ဟုပြောကာ တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ရန် စေခိုင်းသူသုံးဦးကို ဖမ်းမိ

မုန့်တိုက်တွင် အလုပ်ရမည်ဟုပြောကာ တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ရန် စေခိုင်းသူသုံးဦးကို ဖမ်းမိ

နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ အမျိုးသမီးနှစ်ဦးကို ရန်ကုန်ရှိ မုန့်တိုက်တွင် အလုပ်ရမည်ဟုစည်းရုံးပြောဆိုပြီး တရုတ်ပြည်သို့ပို့ဆောင်ခဲ့သူသုံးဦးကို သက်ဆိုင်ရာက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ အမှုဖွင့်အရေးယူခဲ့သည်။

ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာ အုပ်စု၊ သိုက်ချောင်းကျေးရွာနေ အသက် (၁၈နှစ်)အရွယ် အမျိုးသမီးသည် တရုတ်နိုင်ငံသို့ လူကုန်ကူး ခံရပြီး နောက် ပြန်လည်ရောက်ရှိနေကြောင်း သတင်းအရ နေပြည်တော်အမှတ်(၁)လူကုန်ကူးမှု တားဆီး နှိမ်းနင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ရဲဝင်းလွင်နှင့်အဖွဲ့က သွားရောက်မေးမြန်းခဲ့သည်။ 
အဆိုပါ အမျိုးသမီးကို မေးမြန်းချက်အရ ဇေယျာသီရိ မြို့နယ် ပြည်စံအောင်ရပ်ကွက်နေ မနှင်းအိဖြူ၊ ဖြုတ်ခွဲရွာနေ မသင်းသင်းခိုင် (ခ)မခိုင်နှင့် မအေးအေးခိုင်(ခ)မခိုင်တို့က ရန်ကုန်မြို့ မုန့်တိုက်တစ်ခုတွင် အလုပ်သမားလို နေ၍၊ တစ်လလျှင် စားစရိတ်ငြိမ်း ၁၅၀ဝ၀ဝ ပေးမည်ဖြစ်ကြောင်း၊အလုပ်လုပ်မည်ဆိုပါက လမ်းစရိတ် ကျခံပေးမည်ဖြစ်ကာ လူရှစ်ဦးခန့်လိုက်ပါမည်ဖြစ်ကြောင်း ယုံကြည်အောင်ပြောဆိုခဲ့သည်ဟုဆိုသည်။
ထို့ကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် တိုင်ကြားသူအမျိုးသမီးသည် တစ်ရပ်ကွက်တည်းနေ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့်အတူ ပြစ်မှုကျူးလွန်သူအမျိုးသမီးသုံးဦးနှင့် သိုက်ချောင်းရွာထိပ် ကားဂိတ်တွင်တွေ့ဆုံပြီး ခရီးသည်တင်ယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ 
ထိုသို့လိုက်ပါသွားစဉ် ဇန်နဝါရီ ၂ ရက်နေ့တွင် မူဆယ်မှတစ်ဆင့် တရုတ်ပြည်သို့ရောက်ခဲ့ပြီး တရုတ်ယောကျာ်းနှင့်လက်ထပ်ပါက ကျပ် ၃၅ သိန်းရမည်ဖြစ်ပြီး လက်မထပ်ချင်ပါက ကျပ်၃၅ သိန်းပြန်လျော်ရမည်ဟု မနှင်းအိဖြူက ပြောဆိုခဲ့သည်။ 
ထိုသို့ပြောဆိုခဲ့ပြီးနောက် ဇန်နဝါရီ ၄ ရက်နေ့တွင် တိုင်ကြားသူ အမျိုးသမီးက အိမ်နှင့်အဆက် အသွယ်ရကာ မလုပ်နိုင်ကြောင်းပြောဆို၍ ဇန်နဝါရီ ၇ ရက်နေ့တွင် နေထိုင်ရာ ရွာသို့ ပြန်ရောက်ခဲ့သည်။
 မုန့်တိုက်တွင်အလုပ်ရမည်ဟုပြောဆိုကာ တရုတ်အမျိုးသားနှင့် လက်ထပ်ထိမ်းမြားရန် စည်းရုံး ပို့ဆောင်ခဲ့သူ သုံးဦးကို အရေးယူပေးရန် ရဲအုပ်ရဲဝင်းလွင်က တိုင်ကြားခဲ့သည်။

ရွှေတွင်းကုန်းမြို့မရဲစခန်းက(ပ)၃/၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ၂၄ /၂၈(က)/၃၂ အရ အမှုဖွင့်ခဲ့သည်။ မနှင်းအိဖြူ၊ မသင်းသင်းခိုင်(ခ)မခိုင်နှင့် မအေးအေးခိုင်(ခ)မခိုင်တို့သုံးဦးကို သက်ဆိုင်ရာက ၎င်းတို့၏နေအိမ်အသီးသီးမှ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။