သြစတြီးယားနိုင်ငံ၊ အဲ့လ်ပ်တောင်တန်းမြောက်ပိုင်းဒေသတွင် နှင်းတောင်ထပ်မံပြိုကျမှုကြောင့် ဂျာမနီ စကိတ်စီးသမားသုံးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း ဇန်နဝါရီ ၁၃ ရက်၌ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
သေဆုံးသူအမျိုးသားသုံးဦး၏အလောင်းများကို ဇန်နဝါရီ ၁၂ ရက်ညနေပိုင်းက စကိတ်စီးအပန်းဖြေစခန်းအနီး ပြန်လည်တွေ့ရှိခဲ့သည်။
ပျောက်ဆုံးသူတစ်ဦးကို ဗိုရာဘတ်ပြည်နယ်ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေသော်လည်း နှင်းခဲများ ထပ်မံပြိုကျနိုင်ခြေကြောင့် နှောင့်နှေးနေသည်။
ယခုလအတွင်း ဥရောပတစ်ခွင် ရာသီဥတုဆိုးရွားမှုနှင့် ဆက်နွယ်၍ သေဆုံးသူ ၂၄ ဦး ရှိသွားပြီဖြစ်သည်။ နှင်းပြိုကျမှုကာကွယ်ရေးကိရိယာများနှင့် လေအိတ်များဖြန့်ချထားသည့်ကြားမှ နှင်းခဲပြိုကျမှုတွင် မျောပါဖုံးအုပ်ခံရပြီး ၄င်းတို့ကို မိုဘိုင်းဖုန်းအချက်ပြမှုဖြင့် ခြေရာခံခဲ့ရသည်။
သြစတြီးယားတွင် စံချိန်တင်နှင်းမိုးရွာသွန်းမှုကြောင့် စစ်သည်များ၊ မီးသတ်နှင့် လုပ်အားရှင်များ နှင်းခဲရှင်းလင်းရေး ကူညီဆောင်ရွက်နေရသည်။
ဇန်နဝါရီ ၁၁ ရက်က နှင်းတောထဲသောင်တင်နေသည့် ဂျာမနီကျောင်းသား ၆၆ ဦးနှင့် ဆရာတို့ကို သြစတြီးယားတပ်က ကယ်တင်နိုင်ခဲ့သည်။
ယင်းရက်မှာပင် ဂျာမနီမှ ဘာဗေးရီးယားပြည်နယ်တွင် လမ်းချော် ယာဉ်တိုက်မှုများကို ကြက်ခြေနီက ကယ်တင်ပေးခဲ့ရပြီး မြူးနစ်အနီးတွင်မူ နှင်းခဲအလေးချိန်ကြောင့် သစ်ပင်လဲရာ၌ ကိုးနှစ်သားလေးတစ်ဦး သေဆုံးခဲ့သည်။
ဆွစ်ဇာလန်တွင်လည်း နှင်းခဲပြိုကျမှုကြောင့် ဟိုတယ်စားသောက်ခန်းတစ်ခု ပျက်စီးကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်။

















