ကန်တပ် ရုပ်သိမ်းပြီးနောက် ဆီးရီးယားကာ့ဒ်တို့ကို တိုက်ခိုက်ပါက တူရကီစီးပွားရေး ပျက်သုန်းစေမည်ဟု သမ္မတထရမ့်ခြိမ်းခြောက်

ကန်တပ် ရုပ်သိမ်းပြီးနောက် ဆီးရီးယားကာ့ဒ်တို့ကို တိုက်ခိုက်ပါက တူရကီစီးပွားရေး ပျက်သုန်းစေမည်ဟု သမ္မတထရမ့်ခြိမ်းခြောက်

ဆီးရီးယားမှ အမေရိကန်တပ်များ ရုပ်သိမ်းပြီးနောက်တွင် ဆီးရီးယားကာ့ဒ်တို့ကို တူရကီတိုက်ခိုက်မည်ဆိုပါက တူရကီစီးပွားရေး ရစရာမရှိအောင် ပျက်သုန်းစေမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့သည်။

ဇန်နဝါရီ ၁၃ ရက်က တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် သမ္မတထရမ့်က ၄င်း၏သဘောထားဖော်ပြခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားကာ့ဒ်တို့ကိုလည်း တူရကီအား ရန်စမှုမပြုရန် သတိပေးခဲ့သည်။ 
ဆီးရီးယားမြောက်ပိုင်းတွင် အစ္စလာမ္မစ်နိုင်ငံတော် အဖွဲ့(အိုင်အက်စ်)အကြမ်းဖက်အုပ်စုကို ကာ့ဒ်အပါအဝင် ဆီးရီးယားသူပုန်တို့နှင့် အမေရိကန်တို့ ယှဉ်တွဲတိုက်ခိုက်ခဲ့ကြသည်။

ဆီးရီးယားသူပုန်တပ်ဖွဲ့ (အက်စ်ဒီအက်ဖ်)တွင် ဝိုင်ပီဂျီခေါ် ကာ့ဒ်အုပ်စုမှာ အဓိကဖြစ်ပြီး တူရကီကမူ ၄င်း၏ ပြည်တွင်းခွဲထွက်ရေးလှုပ်ရှားမှုနှင့် ဆက်နွှယ်၍ ဝိုင်ပီဂျီကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသည်။
    ဆီးရီးယားမှ အမေရိကန်တပ်များ ရုပ်သိမ်းရန် ဆုံးဖြတ်ထားကြောင်း သမ္မတထရမ့်၏ကြေညာချက် ရုတ်တရက် ထုတ်ပြန်ခဲ့ပြီးနောက် ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်လာရာတွင် ဆီးရီးယားကာ့ဒ်တို့အတွက်ပူပန်မှု ထိပ်ဆုံးက ပါဝင်ခဲ့သည်။ 
ထို့ပြင် အမေရိကန်တပ်ရုပ်သိမ်းမှုက ဆီးရီးယားသမ္မတအာဆတ်၊ ရုရှားနှင့်အီရန်တို့ အမြတ်ထွက်ကာ ဆိုးကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ဆော်ဒီတော်ဝင်မိသားစုပြောခွင့်ရသူ တာကီအဲလ်ဖိုင်ဆယ်ကပါ ပြောဆိုလာခဲ့သည်။
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် အရှေ့အလယ်ပိုင်းမဟာမိတ်များကို နှစ်သိမ့်ရန် ခရီးထွက်လာရာ လက်ရှိ ဆော်ဒီအာရေဗျ၌ ရောက်ရှိနေသည်။ ၄င်းသည် တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့်လည်း ဖုန်းဖြင့်ဆက်သွယ် ပြောဆိုခဲ့သည်။ 
သမ္မတထရမ့်က ဆီးရီးယားကာ့ဒ်တို့အတွက် ဘေးကင်းဇုန် မိုင် ၂၀ ဖန်တီးပေးရန် မှတ်ချက်ပြုထားပြီး ပွမ်ပီယိုက ယင်းကိစ္စ ညှိနှိုင်းပေးဖွယ်ရှိသည်။ ကာ့ဒ်တို့ကိုတိုက်ခိုက်ပါက တူရကီစီးပွားရေးကို မည်သို့ပျက်စီးစေမည်ကိုတော့ ထရမ့်က ရှင်းပြခြင်းမရှိပေ။
    အမေရိကန်တပ်ရုပ်သိမ်းရေးအစီအစဉ်မှာ ရှည်ကြာပြီး ယင်းကာလအတွင်း လက်ကျန်အိုင်အက်စ်များကို နှိမ်နင်းသွားမည်ဟုလည်း ထရမ့်က ပြောဆိုခဲ့သည်။ ဆီးရီးယားရှိ အိုင်အက်စ်တို့ကို အမေရိကန်က ကြာရှည် တိုက်ခိုက်နေခြင်းကြောင့် အာဆတ်၊ ရုရှားနှင့် အီရန်တို့ အမြတ်ကြီးကြီးရခဲ့ပြီး အဆုံးမဲ့စစ်ပွဲကိုရပ်တန့်ကာ အမေရိကန်တပ်များ အိမ်ပြန်ခေါ်ချိန်တန်ပြီဖြစ်ကြောင်းလည်း ထရမ့်က တွစ်တာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။