ပိုလန်၌ ပရဟိတရန်ပုံငွေ ဂီတပွဲစင်မြင့်ပေါ်တွင်မြို့တော်ဝန်တစ်ဦး ဓားထိုးခံရပြီး ဒဏ်ရာပြင်းထန်

ပိုလန်၌ ပရဟိတရန်ပုံငွေ ဂီတပွဲစင်မြင့်ပေါ်တွင်မြို့တော်ဝန်တစ်ဦး ဓားထိုးခံရပြီး ဒဏ်ရာပြင်းထန်

ပိုလန်နိုင်ငံ၏ အကြီးကျယ်ဆုံး ပရဟိတရန်ပုံငွေရှာဖွေရေး အခမ်းအနားတစ်ခု ကျင်းပနေသည့် စတိတ်စင်ပေါ်တွင် မြို့တော်ဝန် ပါဝဲလ်အဒမ်မိုဝစ်ဇ်သည် လူတစ်ဦး၏ ဓားဖြင့်တိုက်ခိုက်ခြင်းခံရ၍ ဒဏ်ရာအကြီးအကျယ် ရရှိခဲ့သည်။

ဇန်နဝါရီ ၁၃ ရက်ညက ဖြစ်ပွားခဲ့သည့် ယင်းဖြစ်ရပ်တွင် ဂူဒန့်စ်မြို့တော်ဝန် အသက် ၅၃ နှစ်အရွယ် အဒမ်မိုဝစ်ဇ်သည် နှလုံးနှင့်ဝမ်းဗိုက်တွင် ဓားဒဏ်ရာများရရှိခဲ့ပြီး ၄င်းကိုဆေးရုံသို့ ပို့ဆောင်၍ ငါးနာရီကြာ ခွဲစိတ်ကုသခဲ့ရကာ အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်သည်။ 
ဓားထိုးသူ ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး အဖမ်းခံခဲ့ရပြီး ၄င်းသည် ရာဇဝတ် မှတ်တမ်းရှိသူဖြစ်ကာ စိတ်ကျန်းမာရေးပြဿနာရှိသူ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ 
    ၄င်းသည် စင်ပေါ်တက်ပြီး အများရှေ့မှောက်တွင် အဒမ်မိုဝစ်ဇ်ကို ဓားဖြင့်ထိုးခဲ့ပြီးနောက် ၄င်းကို အစိုးရက မှားယွင်း အပြစ်ပေးခဲ့ကြောင်း၊ ယင်းအတွက် အဒမ်မိုဝစ်ဇ်သေသင့်ကြောင်း၊ ၄င်းအမည် စတက်ဖန်ဖြစ်ကြောင်း၊  အော်ဟစ်ပြောဆိုလျက် အဖမ်းခံခဲ့ရသည်။
    အခမ်းအနားသည် ခရစ္စမတ်ပရဟိတအဖွဲ့တစ်ဖွဲ့၏ ကောင်းကင်ဘုံအတွက်အလင်းဟုဆိုသည် ရန်ပုံငွေရှာဖွေသော သြော်ခတ်စတြာဂီတဖျော်ဖြေပွဲဖြစ်သည်။ 
ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ခုနစ်နာရီအကြာတွင် အဒမ်မိုဝစ်ဇ်ကိုကုသရာ၌ပါဝင်သည့် ဒေါက်တာတိုမက်ဇ် စက်ဖာနီရက်စ်က မိုဝစ်ဇ်အသက်ရှင်နေကြောင်း၊ သို့သော် အလွန်စိုးရိမ်ရသေးကြောင်း ရှင်းပြခဲ့သည်။
    အခမ်းအနားစီစဉ်သည့် ပရဟိတ အသင်းအကြီးအကဲ အလယ်အလတ်ဝါဒီ ဂျာဇီအောဇီယက်စ်က လက်ရှိ လက်ယာစွန်းအစိုးရအုပ်ချုပ်မှု အောက်တွင် တရားဥပဒေစိုးမိုးမှုသည် အမုန်းတရားလွှမ်းမိုးသည့်အခြေအနေဖြစ်နေ၍ အဒမ်မိုဝစ်ဇ်တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    အဒမ်မိုဝစ်ဇ်သည် ဂူဒန့်စ်မြို့တော်ဝန်အဖြစ် ၁၉၉၈ ခုနှစ်ကတည်းက တာဝန်ယူခဲ့ရပြီး လူကြိုက်များသူဖြစ်သည်။ ယင်းမြို့သားဖြစ်သည့် အဒမ်မိုဝစ်ဇ် ၁၉၈၀ ပြည့်လွန်နှစ်များက မြို့၏ဒီမိုကရက်တစ်အတိုက်အခံအဖြစ် ပါဝင်လှုပ်ရှားခဲ့သူလည်း ဖြစ်ပြီး တိုးတက်သည့်အမြင်ရှိသူအဖြစ် ရှုမြင်ခံရကာ မြို့တော်ဝန်အဖြစ် ခြောက်ကြိမ်တိုင်တိုင် ရွေးချယ်ခံထားရသူ ဖြစ်သည်။