တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်စုပြည်နယ်တွင် ကလေး ၁၄၅ ဦးထိ သက်တမ်းလွန် ပိုလီယိုကာကွယ်ဆေးများ ထိုးနှံခံရမှု ဖြစ်ပွားသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း ဂလိုဘယ်တိုင်းမ် သတင်းစာက ဇန်နဝါရီ ၁၄ ရက်တွင် ရေးသားဖော်ပြသည်။
သက်တမ်းလွန် ပိုလီယိုကာကွယ်ဆေးများ ထိုးနှံပေးမှုကို မကျေနပ်သဖြင့် ကလေးမိဘများနှင့် ရပ်ရွာဒေသခံများသည် ကျင်ဟူစီရင်စုရုံးရှေ့၌ လမ်းများပိတ်ကာ ဆန္ဒပြကန့်ကွက်ခဲ့ကြကြောင်း ဂလိုဘယ်တိုင်းမ်က ဖော်ပြသည်။ ဂလိုဘယ်တိုင်းမ်သည် တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်သူ့နေ့စဉ်သတင်းစာ၏ အခွဲလည်း ဖြစ်သည်။
သက်တမ်းလွန် ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူ သုံးဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ကာကွယ်ဆေးသည် ဒီဇင်ဘာ ၁၁ ရက်ကတည်းက သက်တမ်းကုန်နေသည့်တိုင် ဇန်နဝါရီ ၇ ရက်တွင် ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စနှင့် စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
အစားအသောက်နှင့် ဆေးဝါးကဏ္ဍ မသမာမှု ကျူးလွန်သည့် ကုမ္ပဏီများ၊ စက်မှုလုပ်ငန်းများကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်အပြစ်ပေးမည်ဟု တရုတ်အစိုးရက ကြေညာထားသည်။
အစားအသောက် ဘေးကင်းလုံခြုံရေး၊ကျန်းမာရေးနှင့် ညီညွတ်စေရေးသည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၏ တစ်စိတ်တစ်ပိ်ုင်းလည်းဖြစ်ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်နှစ်ကလည်း ခွေးရူးကာကွယ်ဆေး အချက်အလက်များ လီဆယ်ဖော်ပြမှုဖြင့် တရုတ် ကာကွယ်ဆေးကုမ္ပဏီ ချန်ရှန်း ဇီဝနည်းပညာကုမ္ပဏီသည် ဒေါ်လာ ၁ ဒသမ ၃၅ ဘီလျံထိ ဒဏ်ရိုက်ခံခဲ့ရသည်။

















