ယူရေနီယံသန့်စင်လုပ်ငန်းသစ်များ စတင်ရန် စူးစမ်းနေဟု အီရန် နျူကလီးယားအစီအစဉ် အကြီးအကဲ ပြော

ယူရေနီယံသန့်စင်လုပ်ငန်းသစ်များ စတင်ရန် စူးစမ်းနေဟု အီရန် နျူကလီးယားအစီအစဉ် အကြီးအကဲ ပြော

တီဟီရန်မြို့ရှိ နျူကလီးယားစက်ရုံတွင် ယူရေနီယံ ၂၀ ရာခိုင်နှုန်းထိ  သန့်စင်နိုင်မည့် ခေတ်မီနည်းစနစ်များဖြင့်  လည်ပတ်နိုင်စေရန် စူးစမ်းလေ့လာမှုများ စတင်နေပြီဖြစ်ကြောင်း အီရန်   နျူကလီးယားအစီအစဉ်  အကြီးအကဲက ထုတ်ပြန်ကြေညာသည်။

ယူရေနီယံကို၂၀ ရာခိုင်နှုန်းထိ သန့်စင်သည့် လုပ်ငန်းများ ပြန်လည်စတင်မည်ဆိုပါက အီရန်သည် ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သော စာချုပ်ကို အရေးမစိုက်တော့သည့် သဘောလည်း ဖြစ်မည်။  
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည်လည်း ပြီးခဲ့သည့်နှစ် မေလက စာချုပ်မှ အမေရိကန်နိုင်ငံ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ 
    အီရန် နျူကလီးယား အကြီးအကဲ အလီ အက္ကဘာ ဆာလာဟီ၏ ကြေညာချက်သည်  အီရန်အနေဖြင့် ယူရေနီယံ သန့်စင်လုပ်ငန်းများကို ဖြည်းညင်းစွာ ပြန်လည်စတင်မည်ဟု အချက်ပေးရာလည်း ရောက်နေသည်။ ထိုနည်းဖြင့် လိုအပ်လာပါက နိုင်ငံအလယ်ပိုင်း နာတန်ဇ်မြို့ရှိ နျူကလီးယားစက်ရုံမှ ယူရေနီယံ အမြောက်အမြားကို အချိန်တိုအတွင်း ထုတ်ယူနိုင်ရန် ရှိသည်။ 
    ၂၀  ရာခိုင်နှုန်း သန့်စင်ထားသော  ယူရေနီယံများ ပိုင်ဆိုင်လာပါက အီရန်၏ သုတေသန နျူကလီးယားဓာတ်ပေါင်းဖိုများ ခေတ်မီနည်းစနစ်နှင့်အညီ  ပိုစွမ်းရည်ထက်မြက် လည်ပတ်နိ်ုင်လာမည်ဖြစ်ကြောင်း ဆာလာဟီက ပြောသည်။
    အီရန်သည်  လက်ရှိအချိန်ထိ ၂၀၁၅ ခုနှစ်  နျူကလီးယားသဘောတူစာချုပ်နှင့်အညီ ကျင့်သုံးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ  စောင့်ကြည့်စစ်ဆေးသူများက ပြောသည်။  
၂၀၁၅  စာချုပ်အရ အီရန်က နျူကလီးယား သုတေသနများကို ကန့်သတ်လျှော့ချပေးရမည်ဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံများက အပြန်အလှန်အားဖြင့် ဆန်ရှင်များ လျှော့ချပေးရမည်ဖြစ်သည်။ 
စာချုပ်အရ အီရန်သည် ယူရေနီယံကို ၃ ဒသမ ၆၇  ရာခိုင်နှုန်းအထိသာ သန့်စင်ခွင့်ရှိသည်။