ပြီးခဲ့သည့်နှစ် အောက်တိုဘာက ဂျာကာတာမြို့အနီး ပင်လယ်ပြင်တွင်း ပျက်ကျခဲ့သည့် လိုင်းယန်းအဲ ခရီးသည်တင်လေယာဉ်မှ အသံမှတ်တမ်းတင်စက်ကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ထုတ်ပြန်ကြေညာသည်။
ဂျကာတာမြို့လေဆိပ်မှ ပျံတက်ပြီး မကြာခင်မှာပင် ဂျေတီ၆၁၀ လေယာဉ်သည် ဂျာဗားပင်လယ်တွင်း ပျက်ကျမှုကြောင့် လေယာဉ်ပေါ် လိုက်ပါသွားသူ ၁၈၉ ဦးလုံး သေဆုံးခဲ့ရသည်။
လေယာဉ်သည် ပန်ကယ် ပီနန်းသို့ ခရီးတို ဦးတည်ပျံသန်းခြင်းဖြစ်သည်။ လေဆိပ်ကို ပြန်လှည့်ဆင်းခွင့်ပေးရန် လေယာဉ်မှူးထံမှ ခွင့်တောင်းခံမှု ကြားရပြီး မကြာခင် အဆက်အသွယ်ပြတ်သွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်သည် နည်းပညာဆိုင်ရာ ချို့ယွင်းခဲ့ခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
လေယာဉ် ပင်မကိုယ်ထည်ကို ယခုထိတိုင် ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။
လေယာဉ်မောင်းခန်း အသံမှတ်တမ်းတင်စက် (စီဗီအာ)ကို တွေ့ရှိထားပြီဖြစ်ကြောင်း အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးကော်မတီ ဒုတိယအကြီးအကဲ ဟာယို ဆတ်မီကိုက ပြောသည်။
မည်သည့်နေရာမှ တွေ့ရှိကြောင်းကိုမူ အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။
အသံမှတ်တမ်းတင်စက်ကို ပယ်လယ်ကြမ်းပြင် ရွှံ့နွံများအောက် ၈ မီတာအနက်နေရာမှ ရှာတွေ့ခဲ့ကြောင်း အင်ဒိုနီးရှား ရေတပ် ပြောရေးဆိုခွင့်ရှိသူ အန် နူဂရိုဟိုက ပြောသည်။
မှတ်တမ်းတင်စက်မှ အချက်ပေးသင်္ကေတကို ပြီးခဲ့သည့် ရက်များစွာကတည်းက ရရှိခဲ့ခြင်းဖြစ်ပြီး ရွှံ့နွံများအောက် နစ်နေမှုကြောင့် တော်တော်နှင့် ရှာမတွေ့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
လေယာဉ်ပျံသန်းမှု အချက်အလက် မှတ်တမ်းတင်စက်ကိုလည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာက တွေ့ရှိခဲ့သည်။ ဒေတာအချက်အလက်များကို စိစစ်သုံးသပ်ရန် နောက်ထပ် ခြောက်လခန့် အချိန်ယူရဖွယ်ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။

















