ရောမမြို့ရှိ နာမည်ကျော် ထရီဗီ ရေပန်းခုံမှ အကြွေစေ့များကို ရပိုင်ခွင့်နှင့် ပတ်သက်ပြီး ရောမမြို့တော်ဝန်နှင့် ရိုမန်ကတ်သလစ်ဘုရားကျောင်းတို့ အငြင်းပွားလျက်ရှိသည်။
ထရီဗီ ရေပန်းခုံသို့ လာရောက်ကြည့်ရှုကြသည့် ကမ္ဘာလှည့်ခရီးသည်များသည် ရေပန်းခုံရှိရာ ရေပြင်ထဲသို့ အကြွေစေ့များ ပစ်ထည့်ကြရာ နှစ်စဉ် ယူရို ၁ ဒသမ ၅ သန်းဖိုး အကြွေစေ့များ ဆည်ယူရရှိပြီး၊ ဆင်းရဲနွမ်းပါးသူများကို ကူညီရန် ရန်ပုံငွေအဖြစ် မြို့အုပ်ချုပ်ရေးအဖွဲ့က ရိုမန်ကတ်သလစ် ဘုရားကျောင်း အုပ်ချုပ်ရေးအဖွဲ့သို့ လှူဒါန်းလေ့ရှိသည်။
သို့သော် မြို့တော်ဝန် ဗာဂျီးနီးယား ရတ်ဂီက ထိုငွေများကို မြို့ပြ အခြေခံအဆောက်အအုံ ပြုပြင်မွမ်းမံရေး လုပ်ငန်းများအတွက် အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ရန်ပုံငွေ လျော့သွားသဖြင့် ဆင်းရဲနွမ်းပါးသူများကို ကူညီရေး အခက်တွေ့ရနိုင်သည်ဟု ရိုမန်ကတ်သလစ် ဘုရားကျောင်းက ထုတ်ပြန်ပြောကြားသည်။
ရောမမြို့ အုပ်ချုပ်ရေးကောင်စီကမူ ထရီဗီရေပန်းခုံမှ နှစ်စဉ်ရရှိသည့် အကြွေစေ့များကို မြို့ပြအခြေခံအဆောက်အအုံ မွမ်းမံရေးလုပ်ငန်းများ၌ အသုံးပြုမည့်အစီအစဉ်ကို အတည်ပြုပေးထားပြီး ဧပြီတွင် စတင် အသက်ဝင်ဖွယ်ရှိသည်။
မြို့တော်ဝန် မစ္စ ရတ်ဂီသည် ၂၀၁၆ ခုနှစ်က ကြယ်ငါးပွင့်လှုပ်ရှားမှုပါတီကို ကိုယ်စားပြုကာ ရောမမြို့တော်ဝန်အဖြစ် ရွေးကောက်ခံခဲ့ရသည်။
ပါတီသည် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ခဲ့သည်။
ထရီဗီ ရေပန်းခုံသည် နှစ်ပေါင်း ၃၀ဝ နီးပါး သက်တမ်းရှိပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် သန်းချီပြီး လာရောက်လည်ပတ်သော နေရာလည်းဖြစ်သည်။

















