ဘားအံ-မြဝတီကားလမ်း၌ မျက်နှာကြက်ကျောက်ပြားများတင်ဆောင်သည့် ၂၂ ဘီးကုန်တင်ယာဉ် မြောင်းအတွင်းထိုးကျတိမ်းမှောက်ခဲ့မှု ဇန်နဝါရီလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ နံနက် ၅ နာရီအချိန်တွင် ဘားအံ-မြဝတီကားလမ်းပေါ် အိန္ဒုကျေးရွာ၊ ရွာမ (၆) ရပ်ကွက်အနီးတွင် ၂၂ ဘီးကုန်တင်ယာဉ် တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အိန္ဒုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် မျက်နှာကြက်ကျောက်ပြားများတင်ဆောင်ကာ မြဝတီဘက်မှ ဘားအံဘက်သို့ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နေ ယာဉ်မောင်း မောင်ဌေး (၃၇ နှစ်)မောင်းနှင်ပြီး ယာဉ်နောက်လိုက် ရှမ်းလေး (၂၃ နှစ်)လိုက်ပါလာသည့် ၂၂ ဘီး NISSAN DIESEL အမျိုးအစား နောက်တွဲယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့ ဒဏ်ရာရရှိခြင်းမရှိသော်လည်း ယာဉ်ရှေ့လေကာမှန်ကွဲ၊ တံခါးနှင့်ယာဉ်ရှေ့ခန်းတို့ ပျက်စီးဆုံးရှုံးခဲ့သည်။
အိန္ဒုနယ်မြေရဲစခန်းက ယာဉ်(ပ)၁/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အမှုဖွင့်အရေးယူထားသည်။
















