ထိုင်းဘတ်နှင့်မြန်မာကျပ်ငွေလဲလှယ်ရာတွင် အုပ်စုဖွဲ့လက်လှည့် ခိုးယူခဲ့သူခြောက်ဦးကို အမှုဖွင့်

ထိုင်းဘတ်နှင့်မြန်မာကျပ်ငွေလဲလှယ်ရာတွင် အုပ်စုဖွဲ့လက်လှည့် ခိုးယူခဲ့သူခြောက်ဦးကို အမှုဖွင့်

မြဝတီမြို့နယ်တွင် ထိုင်းဘတ်နှင့်မြန်မာကျပ်ငွေလဲလှယ်ရာ၌ အုပ်စုဖွဲ့လက်လှည့် ခိုးယူခဲ့သူ ခြောက်ဦးကို သက်ဆိုင်ရာက ဇန်နဝါရီ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့သည်။ 

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီးနေ ကိုထွန်းလင်းပိုင်သည် ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ထိုင်းနိုင်ငံ ဘန်ကောက်၊ ဆမွတ်ပရာကန်မြို့ရှိ ကော်ပစ္စည်းစက်ရုံမှ အလုပ်လုပ်ပြီး ရခိုင်ပြည်နယ်နေ ကျော်စိုးလွင်(၂၂)နှစ်နှင့်အတူ နေရပ်သို့ပြန်ရန် ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ဖြတ်သန်းခဲ့သည်။ 
ထိုသို့ ဖြတ်သန်းစဉ် ထိုင်းဘက်အခြမ်းတံတားပေါ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ထိုင်းဘတ်နှင့်မြန်မာကျပ်ငွေများ လဲလှယ်ရန် အတွက် မြဝတီမြို့ အမှတ်(၃) ရပ်ကွက် ကြံခင်းဘုန်းကြီးကျောင်း အတွင်းသို့ခေါ်ဆောင်ခဲ့သည်။ 
အဆိုပါနေရာတွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို တွေ့ရပြီး ကိုထွန်းလင်းပိုင်တွင် ပါ လာသောထိုင်းဘတ် ၃၀ဝ၀ဝ ကိုလဲလှယ်ခဲ့ရာ မြန်မာငွေ ၁၃,၉၅၃၀ဝ ဖြင့် လဲလှယ်ခဲ့သည်။ ထိုသို့လဲလှယ်ပြီးနောက် ၄င်းတို့က မြဝတီ - ရန်ကုန်ကားဂိတ်သို့ ပို့ဆောင်ပေးခဲ့သည်။ 
ရန်ကုန်သို့ ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၁ နာရီတွင် ရောက်ရှိခဲ့ပြီး ကားဂိတ်သို့ရောက်စဉ် ကိုထွန်းလင်းပိုင်က လဲလှယ်ခဲ့သည့် ငွေများကို ပြန်လည်စစ်ဆေးရာ ကျပ် ၈,၅၆၀ဝ၀ ကျပ်သာရှိပြီး ၅,၃၉၃၀ဝ ကျပ် လျော့နေသည်ကို သိရှိသဖြင့် မြဝတီမြို့သို့ ပြန်ခဲ့ပြီး မိတ်ဆွေများ၏ အကူညီဖြင့် မြဝတီမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။ 
တိုင်ကြားမှုနှင့်ပတ်သက်၍ မြဝတီမြို့မရဲစခန်းက (ပ)၅၈/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၉ အရ အမှုဖွင့် ကာ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ချမ်းမွန်နှင့် အဖွဲ့က ယမန်နေ့က ငွေများလဲလှယ်ခဲ့သည့် ကြံခင်းဘုန်းကြီးကျောင်းအတွင်းရှိ ငွေလဲလှယ်ခဲ့သည့် ဘတ်ခုံကို မေးမြန်းခဲ့သည်။ အဆိုပါဘတ်ငွေလဲလှယ်ခုံတွင် မြဝတီမြို့နယ်နေ နေနိုင်(ခ)စန်းထိုက်ကို(၂၄ နှစ်)၊ သန်းဇော်(၃၉)နှစ်၊ မအေးအေးခိုင်(၃၅ နှစ်) ၊ မောင်ကြူး(၄၅ နှစ်)၊ ၊ ထွန်းလင်းအောင်(ခ)ကိုထွန်း(၄၅)နှစ် နှင့် မနိုးနိုး(ခ)မအငယ်မ တို့ ခြောက်ဦးကို တွေ့ရှိစစ်ဆေးခဲ့သည်။ 
၄င်းတို့က ယမန်နေ့က ကိုထွန်းလင်းပိုင် မှ ထိုင်းဘတ်ငွေ ၃၀ဝ၀ဝ ကို လဲလှယ်ရာတွင် ကျပ်ငွေ ၅၃၉၃၀ဝ ကို အုပ်စုဖွဲ့လက်လှည့်ခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သောကြောင့် အမှုဖွင့် ဆက်လက် အရေးယူထားသည်။