မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လစ်လပ်လျက်ရှိသည့် အမျိုးသားလက်ရွေးစင် အသင်းနည်းပြချုပ်နေရာအတွက် လျှောက်လွှာများခေါ်ယူခဲ့ရာတွင် နိုင်ငံခြားသား နည်းပြ အယောက်၆ဝကျော် လျှောက်ထားခဲ့ကြောင်း အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
စီစစ်ရွေးချယ်
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်လျှောက်လွှာများကို ဇန်နဝါရီ ၁ဝရက်က နောက်ဆုံးလက်ခံခဲ့ပြီး လျှောက်ထားခဲ့သည့် အယောက် ၆ဝကျော်ထဲမှ သင့်တော်သည့် ဆန်ခါတင်စာရင်းကို ဘယ်လ်ဂျီယံလူမျိုး နည်းစနစ်ဒါရိုက်တာ အဲရစ်က စီစစ်ရွေးချယ်မည်ဖြစ်သည်။ ထို့နောက် ဇန်နဝါရီ ၁၆ရက်တွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ ၄နှစ်စီမံကိန်းအတွက် ကျင်းပမည့် သတင်းစာရှင်းလင်းပွဲ၌ အဆိုပါဆန်ခါတင်စာရင်းကို ထုတ်ပြန်ပေးမည်ဟု သိရသည်။
ထုတ်ပြန်
" လက်ရွေးစင်နည်းပြချုပ်နေရာအတွက် အာရှ၊ဥရောပနဲ့ တောင်အမေရိကစတဲ့ နိုင်ငံတွေက နည်းပြတွေ လျှောက်ထားခဲ့ပါတယ်။ အားလုံး အယောက် ၆ဝကျော်လောက်ရှိမယ်။ နည်းပြချုပ်ရွေးချယ်တဲ့နေရာမှာ အဲရစ်ကအဓိကစီစစ်ရွေးချယ်မှာပါ။ အဲရစ်ရွေးချယ်ထားတဲ့ လက်ရွေးစင်နည်းပြ ဆန်ခါတင်စာရင်းကို ဇန်နဝါရီ ၁၆ရက်မှာလုပ်မယ့် ရှင်းလင်းပွဲကျမှပဲ ထုတ်ပြန်ပေးမှာပါ" ဟု ဦးကိုကိုသိန်းက ပြောဆိုခဲ့သည်။
လမ်းခွဲ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် လမ်းခွဲခဲ့သည့် ဂျာမနီလူမျိုး အန်တွမ်နီဟေးကို မခန့်အပ်ခင် လက်ရွေးစင်အသင်းနည်းပြချုပ်လျှောက်လွှာခေါ်ယူခဲ့ရာ၌ အယောက် ၁ဝဝဝန်းကျင် လျှောက်ထားခဲ့ကြောင်း သိရပြီး ယင်းတို့အနက်မှ အန်တွမ်နီဟေးကို ခန့်အပ်ခဲ့သည်။ အန်တွမ်နီဟေးသည် ပြီးခဲ့သည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်းကို ဆီမီးဖိုင်နယ်တက်ရန် မစွမ်းဆောင်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လမ်းခွဲခဲ့သည်။















