ရန်ကုန်ယူနိုက်တက်နှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သည့် ကွင်းလယ်လူ ကျော်မင်းဦးသည် ကာလရှည်ဒူးဒဏ်ရာကြောင့် ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်ကတစ်ဆင့် အတည်ပြုခဲ့သည်။
သက်တမ်းကုန်ဆုံး
ကျော်မင်းဦးသည် ၎င်း၏ လူမှုကွန်ရက်တွင် " ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါသည်။ ကျွန်တော်ဘောလုံးသမားဘဝကနေ အနားယူလိုက်ပါပြီ" ဟုရေးသားဖော်ပြခဲ့သည်။
ကျော်မင်းဦးသည် ရန်ကုန်ယူနိုက်တက်နှင့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလကုန်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်ကာ အသင်းဘက်မှလည်း ၎င်း၏ ဒူးဒဏ်ရာအခြေအနေကြောင့် စာချုပ်သက်တမ်းမတိုးခဲ့ကြောင်း သိရသည်။
ဒဏ်ရာအခြေအနေကြောင့် အနားယူပြီဟု အတည်ပြုထားသည့် ကျော်မင်းဦးနှင့်ပတ်သက်၍ ရန်ကုန်ယူနိုက်တက်ကွင်းလယ်လူ မောင်မောင်လွင်က" သူကခုမှ အသက်၂၃နှစ်ပဲရှိသေးတာပါ။ သူရဲ့ဘောလုံးသမားဘဝက အရမ်းတိုလွန်းတယ်။ စိတ်မကောင်းလည်းအရမ်းဖြစ်တယ်။ ပိုဆိုးတာက ရန်ကုန်အသင်းမှာဆို တစ်ဆောင်ထဲအတူနေကြတယ်။ အတူသွား၊အတူစားခဲ့တာတွေကို အမြဲတမ်းသတိရနေမှာပါ"ဟု ဆိုခဲ့သည်။
ဝေးကွာခဲ့
၂၁၀၅ကမ္ဘာ့ဖလား ယူ-၂၀ပြိုင်ပွဲဝင် မြန်မာယူ-၁၉အသင်းနှင့်အတူ ထင်ရှားလာခဲ့သည့် ကျော်မင်းဦးသည် ၎င်း၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၁၆ခုနှစ်တွင် ရန်ကုန်ယူနိုက်တက်၌ စတင်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်၏ ပွဲဦးထွက်ပွဲစဉ်ဖြစ်သည့် မကွေးအသင်းနှင့်ပွဲတွင် ကျော်မင်းဦးမှာ ဒူး၌ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး တစ်ရာသီလုံးအနားယူခဲ့ရသည်။
ထို့နောက် ပြန်လည်သက်သာလာခဲ့သော်လည်း လေ့ကျင့်ရေးကွင်တွင် ဒူး၌ပင် ထပ်မံဒဏ်ရာရရှိခဲ့ပြီး မြက်ခင်းစိမ်းနှင့် ဝေးကွာခဲ့ရသည်မှာ လက်ရှိအချိန်အထိအပင်ဖြစ်သည်။















