MNDAA ကိုးကန့်တပ်ဖွဲ့ က တပ်သားသစ်စုဆောင်းရန် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ဖာဖိန်ကျေးရွာအုပ်စုအတွင်းမှ ရွာသားသုံးဦး ထွက်ပြေးလွတ်မြောက်လာပြီဖြစ်သည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူ ကျန်ကြာကျိုင်းရွာသားသုံးဦးဖြစ်သည့် ရွာသူကြီးနှင့် ဆယ်အိမ်မှူးနှစ်ဦးသည် ဇန်နဝါရီလ ၉ ရက်တွင် ကိုးကန့်တပ်စခန်း မရောက်ခင် သံလွင်မြစ်တစ်ဘက်ကမ်း၌ ညအိပ်နားခိုစဉ် ထွက်ပြေးလာခဲ့ကြခြင်းဖြစ်ကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် ကျန်ကြာကျိုင်း ရွာသူကြီးက ပြောသည်။
''ကိုးကန့်တွေကျနော့်ကိုလာခေါ်တာနဲ့ ရွာသား ၁၅ ယောက်ကိုခေါ်ပေးတဲ့။ ယောကျာ်းလေးမရှိရင် မိန်းကလေး တွေခေါ်လာလို့ရတယ်ပြောတယ်။ကျနော့်ရွာသားတွေကို မပေးနိုင်လို့ ထွက်ပြေးခိုင်းပြီး ဆယ်အိမ်မှူးနှစ်ယောက်နဲ့ ကျနော်ပဲလိုက်သွားခဲ့တာ။သူတို့က ကောင်းကောင်းခေါ်တာ မလိုက်ရင် ကြိုးနဲ့တုပ်မယ်ပြောလို့ခေါ်တာနဲ့လိုက်သွားတော့ သူတို့ပစ္စည်းတွေသယ်ခိုင်းလို့ သယ်ပြီးလိုက်သွားရတယ်’’ ဟု ကျန်ကြာကျိုင်း ရွာသူကြီး ချန်ဖူးက ပြောသည်။
ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသူ ၁၆ ဦးရှိပြီး ကျန်ကြာကျိုင်း ရွာသား သုံးဦး၊ တာခြောက်တီးကျေးရွာမှ လေးဦး၊ ဖက်တူကျေးရွာမှ ကိုးဦးတို့ ဖြစ်သည်။
အဆိုပါအဖမ်းခံရသူများထဲတွင် အသက် ၆၀ ကျော် သက်ကြီးရွယ်အို လေးဦးပါဝင်ကြောင်း ပြန်လည် လွတ်မြောက်လာသည့် ရွာသားများက ဆိုသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယင်းရွာအနီးဝန်းကျင်ကျေးရွာ ၅ ရွာမှ လူဦးရေ ၅၀ဝ ကျော်သည် ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာသို့ ဇန်နဝါရီ ၆ ရက်နံနက်ပိုင်းတွင် ထွက်ပြေးတိမ်းရှောင်လာကြသည။် ထွက်ပြေးတိမ်းရှောင်လာသည့် ရွာသားများကို ကွမ်းလုံအခြေစိုက်တပ်ရင်း အပါအဝင် ကွမ်းလုံအုပ်ချုပ်ရေးအဖွဲ့၊ လောက်ကိုင်ကြက်ခြေနီအသင်းအဖွဲ့များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ကူညီခဲ့ကြသည်။
''သူတို့ထွက်ပြေးလွတ်မြောက်လာတာ သုံးယောက်ပါ။ အခုတော့ ကျနော်တို့ ရပ်ကွက်ရုံးမှာ ခဏ နေခိုင်းထားတယ်။ ဘာလို့လဲဆိုတော့ သူတို့မပြန်ရဲသေးလို့ပါ။ကြောက်နေကြတယ်။ သူတို့ကိုခေါ်သွားချိန်က ဒီသတင်းပေါက်ကြားသွားရင် တစ်ရွာလုံး သတ်မယ်လို့ ခြိမ်းခြောက်ထားတော့ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ရွာသားတွေတင်မဟုတ်ဘူး။ အခြားထွက်ပြေးလာတဲ့ မြောင်ဇီးတိုင်းရင်းသားအားလုံးက မပြန်ရဲကြဘူး။ဘာကြောင့်မပြန်ရဲတာလည်းမေးကြည့်တော့ သူတို့မှာ လုံခြုံရေး စိတ်မချရဘူး။ တပ်မတော်အနေနဲ့ သူတို့ကို လုံခြုံရေးယူပေးမယ်ဆိုရင်တော့ ပြန်မယ်ပြောလို့ ကျနော်ကနေ ကွမ်းလုံမြို့နယ်အုပ်ချုပ်ရေးမှူးကိုတင်ပြတယ်။ အုပ်ချုပ်ရေးမှူးက ကွမ်းလုံဗျုဟာကိုတင်ပြတော့ ဗျုဟာက သဘောတူလို့ အခု တပ်ကလုံခြုံရေး ယူပေးလို့ ၁၂ ရက်နေ့ကပြန်သွားကြပြီ။ ပြန်လွတ်လာတဲ့ သုံးယောက်ပဲကျန်ပါတယ်” ဟု ဟိုလီကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်စိန်က ပြောသည်။
ရွာသားများ မပြန်ရဲသည့်အကြောင်းကို အစည်းအဝေးခေါ်ပြီး မေးမြန်းရာ၌ ယခုဖြစ်စဉ်မျိုးနောက်ထပ်ဖြစ်လာမည်စိုးရိမ်သောကြောင့် ၎င်းတို့ရွာအနီးတွင် ယခင်ကာကွယ်ရေးခေတ်ကရှိခဲ့သည့် တပ်စခန်းဟောင်းကို တပ်မတော်က တပ်စခန်းပြန်လာထိုင်ပေးရန်တောင်းဆိုခဲ့ကြောင်း၊ ယင်းအချက်ကို အုပ်ချုပ်ရေးပိုင်းမှ အကြီးအကဲများက သဘောတူကာ တပ်စခန်းပြန်ထိုင်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

















