ကရင်ပြည်နယ် ဘားအံမြို့တွင် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူနှင့်ရောင်းချခဲ့သူခြောက်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်နေ့တွင် အမှုဖွင့်အရေးယူခဲ့သည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ၂နာရီခန့်တွင် ဘားအံမြို့ အမှတ် ၄ ရပ်ကွက် ချစ်သူလမ်းကြား ထောင့်တွင် ဆိုင်ကယ်တစ်စီးဖြင့်ရောက်လာသည့် ဘားအံမြို့ အမှတ် ၆ ရပ်ကွက် နေ နိုင်လင်းဦး(ခ) ငယ်ငယ် (၁၉ နှစ်)ကို မူးယစ်သတင်းအရ မူးယစ်ရဲတပ်ဖွဲ့စု (၃၁) နှင့်အဖွဲ့က စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာ WY စိတ်ကြွဆေးပြား အပြား၄၀နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
၄င်းကို ဆက်လက်စစ်ဆေးချက်အရ မွန်းလွဲ ၃နာရီခွဲအချိန်တွင် ဘားအံမြို့ အမှတ်(၆)ရပ်ကွက် နှင်းဆီလမ်းနှင့်နန်းလုံကြိုင်လမ်းထောင့်၌ ကျော်ထွန်းဦး(၃၈နှစ်)နှင့်နန်းသိမ်းရှင်(၄၀နှစ်)တို့နှစ်ဦးကို WY စိတ်ကြွဆေးပြား၂၃ပြား၊ လက်ကိုင်ဖုန်းနှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်စစ်ဆေးချက်အရ ညနေ ၄ နာရီ မိနစ်၂၀ ခန့်တွင် ဘားအံမြို့ အမှတ် ၆ ရပ်ကွက် လုပ်သားလမ်းနှင့်နှင်းဆီလမ်းထောင့်တွင် ကျော်ကျော်(၄၈နှစ်)နှင့်ဝေဝေစိုး(၄၂နှစ်)တို့ကို WY စိတ်ကြွဆေးပြား ၃၃၃၀ ပြား၊ဆင်းကတ်ပါ လက်ကိုင်ဖုန်းတစ်လုံး၊ ကျပ် ၂၁၀ဝ၀ဝ တို့နှင့်အတူ ဆက်လက်သိမ်းဆည်းရမိခဲ့သည်။
အဆိုပါစိတ်ကြွဆေးပြားများကို ဘားအံမြို့ အမှတ်၄ရပ်ကွက်မြရတနာလမ်းနေ ထိန်လင်း(ခ) ဦးချင်း (၃၇နှစ်)ထံမှဝယ်ယူခဲ့ကြောင်း ပေါ်ပေါက်သဖြင့် ၄င်း၏နေအိမ်ကို သွားရောက်ရှာဖွေခဲ့ရာ မူးယစ် ဆေးဝါးတစ်စုံတစ်ရာမတွေ့ရှိသော်လည်း မူးယစ်ဆေးဝါးရောင်းဝယ်စဉ်က ချိတ်ဆက်ပြောဆိုခဲ့သည့် ခလုတ်ဖုန်းတစ်လုံးကိုသိမ်းဆည်းရမိခဲ့သည်။
သက်ဆိုင်ရာ၏ စိတ်ကြွဆေးပြားဖမ်းဆီးမှုနှင့်ပတ်သက်၍ ကွင်းဆက်စုံစမ်းပေါ်ပေါက်ချက် များအရ စိတ်ကြွဆေးပြားများလက်ဝယ်တွေ့ရှိသူနှင့် ရောင်းချခဲ့သူတို့ကို အရေးယူပေးရန် ရဲအုပ် ထွန်းထွန်းဝင်းက အမှုဖွင့် တိုင်ကြားခဲ့သည်။
၄င်းတို့ ခြောက်ဦးကို ဘားအံရဲစခန်းက မူးယစ်ဆေးဝါးဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားသည်။

















