လင်မယားစကားများစဉ် ကတ်ကြေးဖြင့်ထိုးရာမှ ခင်ပွန်းသေဆုံး

လင်မယားစကားများစဉ် ကတ်ကြေးဖြင့်ထိုးရာမှ ခင်ပွန်းသေဆုံး

မှော်ဘီမြို့နယ်တွင် လင်မယားနှစ်ဦး စကားများစဉ် ကတ်ကြေးဖြင့်ထိုးရာမှ ခင်ပွန်းသေဆုံးခဲ့မှု ဇန်နဝါရီ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ မွန်းလွဲ ၂ နာရီခန့်တွင် မှော်ဘီမြို့နယ်ဆေးရုံတွင် ကတ်ကြေးဒဏ်ရာဖြင့် အမျိုးသား တစ်ဦးရောက်နေကြောင်းသတင်းအရ မြောင်းတကာရဲကင်းမှူး ရဲအုပ်တင်ဝင်းနှင့်အဖွဲ့က သွား ရောက် စစ်ဆေးခဲ့သည်။ 
ဒဏ်ရာရရှိသူမှာ မှော်ဘီမြို့ ကုလားကုန်းကျေးရွာနေ ကိုဖြိုးဝေ(၂၇ နှစ်)ဖြစ်ပြီး ဝဲဘက်ဆီးခုံဘေးတွင် ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိထားခြင်းဖြစ်သည်။ 
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ကိုဖြိုးဝေမှာ အရက်မူးပြီး နေအိမ်သို့ ပြန်လာစဉ် လွန်ခဲ့သော ၂ရက်ခန့်က ကလေးမွေးနေ့တွင် ချက်ပြုတ်ခဲ့သည့် ရခိုင်မုန့်တီ ကျန်သေးလားဟု ဇနီးဖြစ်သူ မဝင်းဝင်းခိုင် (၂၆ နှစ်)ကို မေးမြန်းရာမှ တစ်ယောက်တစ်ခွန်းစကားများရန်ဖြစ်ခဲ့သည်။

ထိုသို့စကားများရန်ဖြစ်စဉ် ကိုဖြိုးဝေက လက်သီးနှင့်ထိုးပြီး စက်ခုံပေါ်မှကတ်ကြေးကိုယူဆောင်ကာ လိုက်လံထိုးသဖြင့် မဝင်းဝင်းခိုင်က ပြန်လည်ခုခံစဉ် ဝဲဘက်ဆီးခုံဘေးတွင် ထိုးသွင်းဒဏ်ရာရရှိခဲ့ ခြင်းဖြစ်သည်။ 
ကိုဖြိုးဝေသည်ရရှိသည့် ဒဏ်ရာဖြင့် မှော်ဘီဆေးရုံမှ အင်းစိန်ဆေးရုံသို့ လွှဲပြောင်းကုသစဉ် ဇန်နဝါရီ ၁၄ ရက်နေ့ ညနေ၅ နာရီတွင် သေဆုံးခဲ့သောကြောင့် မှော်ဘီရဲစခန်းက မူလဖွင့်လှစ်ထားသည့် (ပ)၄၄/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ မှ ၃၀၂ သို့ပြောင်းလဲအမှုဖွင့်စစ်ဆေးလျက်ရှိသည်။