မူးယစ်ဆေးရောင်းဝယ်မှုဖြင့် တရုတ်၌ ထောင်ဒဏ်ချမှတ်ခံရသည့် ကနေဒါနိုင်ငံသား သေဒဏ်ပြောင်းလဲချမှတ်ခံရ

မူးယစ်ဆေးရောင်းဝယ်မှုဖြင့် တရုတ်၌ ထောင်ဒဏ်ချမှတ်ခံရသည့် ကနေဒါနိုင်ငံသား သေဒဏ်ပြောင်းလဲချမှတ်ခံရ

တရုတ်နိုင်ငံတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ကနေဒါနိုင်ငံသားတစ်ဦး၏ အယူခံအတွက် အထက်တရားရုံးက ပြစ်ဒဏ်နည်းလွန်းသည်ဟုဆိုကာ သေဒဏ်အထိ ပြောင်းလဲချမှတ်လိုက်ခြင်းကြောင့် ၄င်းနှင့် နှစ်နိုင်ငံဆက်ဆံမှုအပေါ် စိုးရိမ်မှုမြင့်တက်လာခဲ့သည်။

ကနေဒါနိုင်ငံသား ရောဘတ်လွိုက်ရှယ်လန်းဘတ်ဂ်ကို ၂၀၁၆ ခုနှစ်တွင် ထောင်ဒဏ်ချမှတ်ခဲ့ပြီးနောက် အမှုကို ပြန်လည်သုံးသပ်၍ ဒါလီယန်မြို့တရားရုံးက ဇန်နဝါရီ ၁၄ ရက်က သေဒဏ်ပြောင်းလဲချမှတ်ခဲ့ခြင်းဖြစ်သည်။ 
ယင်းစီရင်ချက်ကို ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်း ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးက ပြောဆိုခဲ့သည်။
ဟွာဝေး ဘဏ္ဍာရေးအကြီးအကဲ ကနေဒါတွင်ဖမ်းဆီးခံရမှုကို တရုတ်သည်တရားစီရင်ရေးစနစ်ကို အသုံးပြုဖိအားပေးနေကြောင်းလည်း စွပ်စွဲခဲ့သည်။
 ဟွာဝေးကုမ္ပဏီ၏ ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုးကို အမေရိကန်၏မေတ္တာရပ်ခံချက်အရ ကနေဒါတွင် ထိန်းသိမ်းခဲ့၍ ကနေဒါနှင့်တရုတ်ဆက်ဆံရေး တင်းမာနေချိန်တွင် ရှယ်လန်းဘတ်အမှုကို ပြန်လည် သုံးသပ်ခဲ့ခြင်းဖြစ်သည်။ 
၄င်းသည် နောက်ဆုံးပြစ်ဒဏ်အတွက်လည်း ၁၀ ရက်အတွင်း ထပ်မံအယူခံဝင်နိုင်သည်။
    အသက် ၃၆ နှစ်အရွယ် ရှယ်လန်းဘတ်သည် မက်သာအဖက်တမင်း ပေါင် ၅၀ဝ(၂၂၇ ကီလိုဂရမ်)ကို တရုတ်မှ သြစတြေးလျသို့ မှောင်ခိုရောင်းချရန်ကြိုးပမ်းမှုစွဲချက်ဖြင့် ၂၀၁၄ ခုနှစ်ကတည်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 
၄င်းက တရုတ်သို့ ကမ္ဘာလှည့်ခရီးသည်အဖြစ်လာရောက်ခဲ့ခြင်းသာဖြစ်ကြောင်း၊ မူးယစ်ကုန်သည်တစ်ဦးမဟုတ်ကြောင်း ပြောဆိုထားသည်။ 
တရုတ်နိုင်ငံတွင် သေဒဏ်ပေးခံရသူများကို ကွပ်မျက်စီရင်လေ့ရှိပြီး နှစ်စဉ်ကွပ်မျက်ခံရသူ အရေအတွက်သည် အခြားနိုင်ငံများထက် များပြားကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောဆိုကြသော်လည်း အရေအတွက် အတိအကျမသိရပေ။
    ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်၌ ကနေဒါတွင် အဖမ်းခံခဲ့ရသည့် မန်ဝမ်ကျိုးက ၄င်းသည် အမှားအယွင်း မကျူးလွန်ခဲ့ကြောင်း ပြောဆိုထားသည်။ ယင်းအမှုနောက်ပိုင်းတွင် ကနေဒါသံတမန်ဟောင်းတစ်ဦးနှင့် စီးပွားရေးသမား တစ်ဦးတို့ကို အမျိုးသားလုံခြုံရေးထိခိုက်စေမှုဖြင့် တရုတ်အာဏာပိုင်တို့က ဖမ်းဆီးခဲ့ရာ ယင်းသည်လည်း တရုတ်တို့၏ လက်တုံ့ပြန်မှုအဖြစ် လေ့လာသူအများက ယူဆခဲ့ကြသည်။