ဇင်ဘာဘွေ၌ စက်သုံးဆီဈေးမြင့်တက်၍ ဆန္ဒပြမှုများနှင့် အဓိကရုဏ်းများဖြစ်ပွားခဲ့သဖြင့် စစ်တပ်ဖြန့်ချထားခဲ့ရ

ဇင်ဘာဘွေ၌ စက်သုံးဆီဈေးမြင့်တက်၍ ဆန္ဒပြမှုများနှင့် အဓိကရုဏ်းများဖြစ်ပွားခဲ့သဖြင့် စစ်တပ်ဖြန့်ချထားခဲ့ရ

ဇင်ဘာဘွေနိုင်ငံတွက် စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ရာတွင် ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့တို့ အဓိကရုဏ်းဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့၍ မြို့ပြဒေသအချို့တွင် ဇန်နဝါရီ ၁၄ ရက်မှစ၍ စစ်တပ်ကို ဖြန့်ချထားခဲ့ရသည်။

စီးပွားရေးယိုယွင်းမှုမြန်ဆန်သည့်နိုင်ငံတွင် ဆန္ဒပြအဓိကရုဏ်းကြောင့် အနည်းဆုံး ၁၃ ဦး သေနတ်ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခံရသူ ၁၂ ဦး ရှိခဲ့ကြောင်း ဆရာဝန်များနှင့် လူ့အခွင့်အရေးအုပ်စုများက ပြောဆိုသည်။ မြို့တော်ဟာရေးရေး ဆင်ခြေဖုံးတွင် စစ်ကားများသွားလာနေပြီး ရဟတ်ယာဉ်များကင်းလှည့်နေသည်ကိုပါ အေပီသတင်းဌာနက မြင်တွေ့ခဲ့သည်။
    ဇင်ဘာဘွေ၏ မန်ဂတ်ဝါအစိုးရက ဒီဇယ်ဆီဈေးတစ်လီတာလျှင် ၃ ဒသမ ၁၁ ဒေါ်လာနှင့် ဓာတ်ဆီတစ်လီတာလျှင် ၃ ဒသမ ၃၃ ဒေါ်လာသို့ ဈေးနှုန်းမြှင့်တင်ခဲ့ရာမှ ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း လူခြောက် ဦးသေဆုံးခဲ့မှုသည် လုံခြုံရေးတပ်ဖွဲ့များ၏ အချိုးမညီ အင်အားသုံးစွဲမှုကြောင့် ဖြစ်ကြောင်း တရားဝင်အစီရင်ခံစာထွက်ရှိခဲ့ပြီး တစ်လအကြာတွင် စစ်တပ်ကို ပြန်လည်ဖြန့်ချခဲ့ခြင်း ဖြစ်သည်။

ဇင်ဘာဘွေစစ်တပ်သည် နိုင်ငံကိုကာလကြာရှည် စိုးမိုးခဲ့သည့် ရောဘတ်မူဂါဘီကို ပြုတ်ကျစေခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာဖြစ်ရပ်များနောက်ပိုင်း အများမြင်ကွင်းတွင် တွေ့ရခဲသည်။
    ယခုကဲ့သို့ စစ်တပ်ဖြန့်ချမှုအတွက် လက်ရှိသမ္မတ အီမာဆန် မန်ဂတ်ဝါကို အတိုက်အခံများက ဝေဖန်ခဲ့ကြသကဲ့သို့ ကျောင်းသားငယ်များပါ ပါဝင်သည့််ဆန္ဒပြမှုတွင် ဖျက်လိုဖျက်ဆီးလုပ်သူများလည်း ပါရှိကြောင်း ရဲဘက်က တုံ့ပြန်ခဲ့သည်။ မန်ဂတ်ဝါသည် ရုရှား၌ရောက်ရှိနေချိန်ဖြစ်ပြီး ဆွစ်ဇာလန်တွင်ကျင်းပမည့် ကမ္ဘာ့စီးပွားရေးညီလာခံသို့လည်း တက်ရောက်ရန် စီစဉ်ထားသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ထားသည့် မန်ဂတ်ဝါက ဇင်ဘာဘွေနာလန်ပြန်ထရန် အထီးကျန်နေထိုင်၍ မရကြောင်း ပြောဆိုထားသည်။
    ဇန်နဝါရီ ၁၄ ရက်မှစ၍ စီးပွားရေးလုပ်ငန်းအချို့၊ ကျောင်းအချို့ပိတ်ထားခဲ့ပြီး ဇင်ဘာဘွေ၏အကြီးဆုံး အလုပ်သမား သမဂ္ဂက သုံးရက်ကြာသပိတ်မှောက်ရန် ဆော်သြခဲ့သည်။

စက်သုံးဆီဈေးမြင့်တက်မှုအကြောင်းပြု၍ ပြည်တွင်းပြည်ပအုပ်စု အချို့က အစိုးရကိုဖြုတ်ချရန် ကြိုးပမ်းနေကြောင်း အစိုးရပြောခွင့်ရသူက တုံ့ပြန်ခဲ့သည်။