တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်သော အစီရင်ခံစာတွင် ယခုနှစ်၌ မြောက်ကိုရီးယားကို ရန်သူနိုင်ငံဟု ယခင်ကကဲ့သို့ သုံးနှုန်းခြင်းမျိုး မရှိတော့ပေ။
အစီရင်ခံစာကို ဇန်နဝါရီ ၁၅ တွင် ထုတ်ဝေခဲ့သည်။ ၂၀၁၀ ပြည့်နှစ်က မြောက်ကိုရီးယားဘက်မှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် တောင်ကိုရီးယားနိုင်ငံသား ၅၀ သေဆုံးခဲ့ရသည့်နောက်ပိုင်း ရန်သူနိုင်ငံဟု ထည့်သွင်းသုံးနှုန်းခဲ့ရာမှ ယခုနှစ်သည် ပထမဆုံးအကြိမ်အဖြစ် ထိုအသုံးအနှုန်းကို ပြန်ရုပ်သိမ်းလိုက်ခြင်းဖြစ်ရာ ပြီးခဲ့သည့်နှစ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး နွေးထွေးလာသည့် ပြယုဂ်လည်းဖြစ်သလို၊ အနာဂတ်အတွက် မျှော်လင့်ချက် လင်းလက်နေသည့် သာဓကလည်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။
အစီရင်ခံစာတွင် မြောက်ကိုရီးယားကို ရန်သူ၊ အနီးဆုံးရန်သူ၊ အဓိကရန်သူ စသဖြင့် ခေါ်ဝေါ်ခြင်းမျိုးမရှိတော့သော်လည်း မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များသည် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက်များဖြစ်သည်ဟုကား ဖော်ပြထားသည်။
ရန်သူနိုင်ငံဟု ခေါ်ဝေါ်ခြင်းကို မြောက်ကိုရီးယားက တောက်လျှောက်ကန့်ကွက်ခဲ့ပြီး ထိုအသုံးအနှုန်းသည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာစေသည့် အဓိကအသုံးအနှုန်းလည်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်၏ ကြိုးပမ်းမှုကြောင့် နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဖြစ်ခဲ့ကာ ဆက်ဆံရေးပြန်လည်နွေးထွေးစေခဲ့သည်။
ဆိုးလ်မြို့ကို မီးပင်လယ်အဖြစ် ပြောင်းပစ်မည်ဟု ၁၉၉၄ တွင် မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ပြီးနောက် ၁၉၉၅ က စတင်ကာ တောင်ကိုရီးယားက မြောက်ကိုရီးယားကို ရန်သူနိုင်ငံအဖြစ် စတင်ခေါ်ဝေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

















