တရုတ်စီးပွား အရှိန်နှေးကွေးနေမှုကို ပြန်မြှင့်တင်နိုင်ရန်အတွက် အခွန်လျှော့ကောက်မည်ဖြစ်သလို ပြည်တွင်းသုံးစွဲမှုများလည်း မြှင့်တင်ပြီး ပုဂ္ဂလိကလုပ်ငန်းကြီး လုပ်ငန်းငယ်များအားချေးငွေများ ပိုမိုချထားပေးရန် စီစဉ်နေကြောင်း တရုတ်အစိုးရက ထုတ်ပြန်ကြေညာသည်။
ငွေကြေးဆိုင်ရာ မူဝါဒများလည်း ဖြေလျှော့ကာ လုပ်ငန်းလည်ပတ်မှုများ ပိုမိုသွက်လက်လာအောင် ဆောင်ကြဉ်းမည်ဟုလည်း ဆိုထားသည်။
ငွေကြေးမူဝါဒများကို ဖြေလျှော့ပေးသည့်တိုင် စီးပွားတည်ငြိမ်မှု မပျက်အောင်လည်း ထိန်းထားနိ်ုင်မည်ဟု ယုံကြည်ကြောင်း တရုတ်ဗဟိုဘဏ် ဒုတိယအကြီးအကဲ ကျူ ဟီဇင်က ပြောသည်။
၂၀၁၈ တတိယသုံးလပတ်တွင် တရုတ်စီးပွားတိုးနှုန်းသည် ၆ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ၂၀ဝ၈ စီးပွားအကျပ်အတည်းနောက်ပိုင်း တိုးနှုန်း အနည်းဆုံးဖြစ်ခဲ့ကြောင်း တွေ့ရသည်။
ဘဏ်များက ချေးငွေများ ပိုထုတ်ပေးရန် တရုတ်အစိုးရက ညွှန်ကြားခဲ့သလို၊ အခြေခံ အဆောက်အအုံ စီမံကိန်းများဖြင့် ပြည်တွင်းသုံးစွဲမှုကို မြှင့်တင်ခဲ့သည့်တိုင် စီးပွားတိုးနှုန်းသည် အားရလောက်အောင် မရှိခဲ့ကြောင်း တွေ့ရသည်။
၂၀၁၈ ခုနှစ်အတွင်း တရုတ်နှင့် အမေရိကန်ကုန်သွယ်ရေးတွင် တရုတ်က ပိုငွေ ဒေါ်လာ ၃၂၃ ဒသမ ၃ ဘီလျံထိ ရှိခဲ့မှုကြောင့်လည်း အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ တင်းမာမှုများ ပိုမြင့်တက်လာကာ စီးပွားအရှိန် ကျဆင်းနိုင်ခြေ အလားအလာများ တိုးပွားနေကြောင်းလည်း တွေ့ရသည်။
အကြီးစား ဆောက်လုပ်ရေးစီမံကိန်းကြီးများ၊ ကျေးလက်နေများကို မြို့ပြများသို့ ရွှေ့ပြောင်းနေရာချပေးရေး စီမံကိန်းများကိုလည်း အစိုးရက ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သလို လုပ်ငန်းနှောင့်နှေးစေသည့် အစိုးရလုပ်ငန်း အဆင့်များကိုလည်း လျှော့ချမည်ဖြစ်ကာ စွမ်းအင်သုံးစွဲမှု သက်သာရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လာရေးလည်း စီမံသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုဥက္ကဋ္ဌ လျန် လိုင်လျန်က ပြောသည်။

















