ခြစားမှုမကျူးလွန်ခဲ့ကြောင်း ဂျပန်အိုလံပစ်ကော်မတီဥက္ကဋ္ဌဖြေရှင်းချက်ထုတ်ပြန်

ခြစားမှုမကျူးလွန်ခဲ့ကြောင်း ဂျပန်အိုလံပစ်ကော်မတီဥက္ကဋ္ဌဖြေရှင်းချက်ထုတ်ပြန်

အကျင့်ပျက်ခြစားမှုများ မကျူးလွန်ခဲ့ကြောင်း ဂျပန်အိုလံပစ်ကော်မတီဥက္ကဋ္ဌဖြစ်သလို နိုင်ငံတကာအိုလံပစ်ကော်မတီ( အိုင်အိုစီ) ၏သြဇာကြီးမားသော အဖွဲ့ဝင်လည်းဖြစ်သည့် ဆုနဲကာဇူ တာကဲဒါက ဇန်နဝါရီ ၁၅ ရက်တွင် ဖြေရှင်းပြောကြားခဲ့သည်။

တာကဲဒါသည် ခုနစ်မိနစ်ကြာ ဖြေရှင်းချက်ကိုဖတ်ကြားခဲ့ပြီး မီဒီယာများ၏မေးမြန်းမှုများကို ဖြေဆိုခြင်းမပြုခဲ့ချေ။တာကဲဒါ အကျင့်ပျက်ခြစားမှုကျူးလွန်ခဲ့ကြောင်း ပြင်သစ်အာဏာပိုင်များက သံသယရှိနေသည်။ 
တာကဲဒါ၏ဖြစ်ရပ်ကြောင့်  ၂၀၂၀ တိုကျိုအိုလံပစ်၏ဂုဏ်သတင်းထိခိုက်မှုများရှိနေပြီဖြစ်သည်။ ဂျပန်အစိုးရသည် အိုလံပစ်အတွက် ဒေါ်လာ ၂၀ ဘီလျံသုံးစွဲထားပြီးဖြစ်သည်။
    ရီယိုဒီဂျနေရို၌ ပြုလုပ်ခဲ့သည့် နွေရာသီအိုလံပစ်သည် အကျင့်ပျက်ခြစားမှုစွဲချက်များဖြင့် အစပြုခဲ့ပြီး ဘရာဇီးအိုလံပစ်ကော်မတီဥက္ကဋ္ဌ ကာလို့စ် နက်ဇ်မန်းနှင့် အိုလံပစ်ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌတစ်ဦးတို့ မဲဝယ်ယူမှုစွဲချက်ဖြင့် အဖမ်းခံရခြင်းဖြင့်အဆုံးသတ်ခဲ့သည်။
    စင်ကာပူအတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သည့် ဘလက်ခ်တိုက်ဒင်းစ်နှင့် ဒေါ်လာနှစ်သန်းတန်စာချုပ်ချုပ်ဆိုခဲ့ကြောင်း တာကဲဒါက ဝန်ခံပြောဆိုခဲ့သည်။ 
ဘလက်ခ်တိုက်ဒင်းစ်သည် ဆီနီဂေါနိုင်ငံသား လာမင်း ဒီယက်ခ်၏သားတစ်ဦးဖြစ်သော ပါပါမက်ဆာတာ ဒီယက်ခ်နှင့်ပတ်သက်မှုရှိနေကြောင်း ပြင်သစ်ဥပဒေအရာရှိများကပြောဆိုခဲ့သည်။

အိုင်အိုစီအဖွဲ့ဝင်ဟောင်း လာမင်း ဒီယက်ခ်သည် အာဖရိကရှိ အိုလံပစ်ကော်မတီဝင်များအပေါ် သြဇာသက်ရောက်နိုင်သူဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် အိုင်အိုစီအဖွဲ့ဝင်များသည် မက်ဒရစ်နှင့် အစ္စတန်ဘူတို့ကိုမဲမပေးဘဲ တိုကျို၌သာ အိုလံပစ်ပွဲကျင်းပရန် မဲပေးခဲ့ကြသည်။
    ဘလက်ခ်တိုက်ဒင်းစ်နှင့်ချုပ်ဆိုသော စာချုပ်သည် စီးပွားရေးအမျိုးအစားဖြစ်ပြီး ၎င်းရှေ့ကလူများသည်လည်း အလားတူချုပ်ဆိုခဲ့ကြကြောင်း၊ဘလက်ခ်တိုက်ဒင်းစ်နှင့်စာချုပ်ချုပ်ဆိုရန် နောက်ဆုံးဆုံးဖြတ်ချက်တွင် ၎င်းပါဝင်ခြင်းမရှိကြောင်း တာကဲဒါက ဝန်ခံပြောဆိုခဲ့သည်။
    အတိုင်ပင်ခံစရိတ်အတွက် ဘလက်ခ်တိုက်ဒင်းစ်ကို ဒေါ်လာနှစ်သန်းပေးခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အိုလံပစ်ကော်မတီ၏ ၂၀၁၆ ခုနှစ်ထုတ် အစီရင်ခံစာတွင်ဖော်ပြထားသည်။ ထို့ပြင် ဒီယက်ခ်မိသားစုနှင့်ပတ်သက်မှုကို ၎င်းသိရှိခြင်းမရှိကြောင်း တာကဲဒါကပြောဆိုခဲ့သည်။