ဆော်ဒီမှ နောက်ထပ်အမျိုးသမီးများစွာထွက်ပြေးလာဦးမည်ဟု မျှော်လင့်ကြောင်း အိမ်ပြေးဆော်ဒီမိန်းကလေးပြောဆို

ဆော်ဒီမှ နောက်ထပ်အမျိုးသမီးများစွာထွက်ပြေးလာဦးမည်ဟု မျှော်လင့်ကြောင်း အိမ်ပြေးဆော်ဒီမိန်းကလေးပြောဆို

မိခင်နိုင်ငံဆော်ဒီအာရေဗျမှ ထွက်ပြေးပြီး ထိုင်းနိုင်ငံမှတစ်ဆင့် ကနေဒါနိုင်ငံသို့ရောက်ရှိခဲ့ကာ ယင်းနိုင်ငံတွင် ဒုက္ခသည်အဖြစ် နေထိုင်ခွင့်ရရှိခဲ့သည့် မိန်းကလေးက ၎င်း၏ဖြစ်ရပ်ကြောင့် ဆော်ဒီအာရေဗျရှိ အမျိုးသမီးများ ခွန်အားရပြီး နိုင်ငံမှထွက်ပြေးလာမည်ဟု မျှော်လင့်ကြောင်း သြစတြေးလျရုပ်သံမီဒီယာတစ်ခုသို့ ပြောဆိုခဲ့သည်။

ဆော်ဒီအာရေဗျ၌ ဖိနှိပ်ခံရမှုများကို နိုင်ငံတကာသိရှိသွားပြီဖြစ်သောကြောင့် အပြောင်းအလဲတစ်ခုပေါ်ပေါက်လာမည်ဟု မျှော်လင့်ပါကြောင်း အသက် ၁၈ နှစ်အရွယ် ရာဟာ့ဖ် မိုဟမ္မဒ် အယ်လ်ကူနန်က ပြောဆိုခဲ့သည်။ အယ်လ်ကူနန်ကို သြစတြေးလျရုပ်သံကော်ပိုရေးရှင်း( အေဘီစီ) က တွေ့ဆုံမေးမြန်းခဲ့ပြီး ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

နောက်ထပ်အမျိုးသမီးတွေ ထပ်ပြေးလာဦးမယ်လို့ မျှော်လင့်ပါတယ်၊ ကျွန်မဖြစ်ရပ်ကြောင့် ဥပဒေတွေပြောင်းလဲလာမယ်လို့လည်း မျှော်လင့်ပါတယ် ဟု ၎င်းကပြောဆိုခဲ့သည်။
    အယ်လ်ကူနန်သည် မိသားစုနှင့်အတူ ကူဝိတ်သို့ သွားရောက်လည်ပတ်နေစဉ် ဗန်ကောက်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။

ဗန်ကောက်သို့အရောက်တွင် အယ်လ်ကူနန်သည် လေဆိပ်ဟိုတယ်ခန်းတစ်ခန်းထဲတွင် တံခါးပိတ်နေထိုင်ပြီး ဖြစ်ရပ်ကို လူမှုမီဒီယာမှတစ်ဆင့် တစ်ကမ္ဘာလုံးသိအောင် လုပ်ဆောင်ခဲ့သည်။

ကနေဒါသည် အယ်လ်ကူနန်ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ် ယာစတင် ထရူဒိုးက ဇန်နဝါရီ ၁၁ ရက်တွင်ပြောဆိုခဲ့သည်။ 
ဆော်ဒီအာရေဗျ၌ အမျိုးသမီးများစွာသည် မိသားစုဝင်များ၏နှိပ်စက်မှုကြောင့် ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေကြရပုံကို အယ်လ်ကူနန်၏ဖြစ်ရပ်က သက်သေခံနေကြောင်း အနောက်နိုင်ငံမီဒီယာများကဖော်ပြခဲ့သည်။
    အယ်လ်ကူနန်ကို ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ်တီယာ ဖရီးလန့်ဒ်က ဇန်နဝါရီ ၁၂ ရက်တွင် တိုရွန်တိုလေဆိပ်၌ ကြိုဆိုခဲ့သည်။ ပြန်လည်မွေးဖွားလာသလိုခံစားရကြောင်း အယ်လ်ကူနန်ကပြောဆိုခဲ့သည်။ လွတ်လွတ်လပ်လပ်နေလိုမှုကြောင့် မိသားစု၏စွန့်ပစ်ခြင်းကိုခံခဲ့ရကြောင်း ၎င်းက ပြောဆိုခဲ့သည်။
    အယ်လ်ကူနန် ကနေဒါသို့ မထွက်ခွာမီတွင် သြစတြေးလျအပါအဝင် နိုင်ငံများစွာသည် အယ်လ်ကူနန်ကိုလက်ခံနိုင်ရေးအတွက် ကုလဒုက္ခသည်အေဂျင်စီနှင့် ဆွေးနွေးပြောဆိုခဲ့သည်။ 
သြစတြေးလျသည် အယ်လ်ကူနန်၏ ခိုလှုံခွင့်လျှောက်ထားမှုကို လက်ခံရန် နှောင့်နှေးနေသောကြောင့် ကုလဒုက္ခသည်များအေဂျင်စီသည် သြစတြေးလျတွင် အယ်လ်ကူနန်ကို ပြန်လည်နေရာချထားပေးရန် အစီအစဉ်ကို ရုပ်သိမ်းခဲ့သည်။