ဗဟိုအမေရိက၏ နောက်ထပ် ခိုလှုံသူလူစုကြီး ဟွန်ဒူးရပ်စ်မှ အမေရိကန်သို့ ဦးတည်ထွက်ခွာလာနေ

ဗဟိုအမေရိက၏ နောက်ထပ် ခိုလှုံသူလူစုကြီး ဟွန်ဒူးရပ်စ်မှ အမေရိကန်သို့ ဦးတည်ထွက်ခွာလာနေ

အမေရိကန်တွင် ခိုလှုံခွင့်ရရှိရေးအတွက် ဗဟိုအမေရိက၏ နောက်ထပ် ခိုလှုံသူ လူစုကြီးသည် ဇန်နဝါရီ ၁၅ ရက်မှစတင်ကာ ဟွန်ဒူးရပ်စ်မှ  ထွက်ခွာလာပြီဖြစ်ပြီး ယခင် ခိုလှုံသူ လူစုများ အသုံးပြုခဲ့သည့် လမ်းကြောင်းအတိုင်း ထွက်ခွာလာကြသည်။ 

ခိုလှုံသူ ၆၀ဝ ခန့်သည် ဟွန်ဒူးရပ်စ်နိုင်ငံ ဆန်ပတ်ဒရိုဆူလာမြို့ ဘတ်စကားဂိတ်မှ စတင်ကာ ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။

ထိုမြို့မှ မီနီဘတ်စ်များဖြင့် ထွက်ခွာကာ ဂွာတီမာလာ နယ်စပ်အရောက် ခရီးဆက်ကြမည်ဖြစ်သည်။ ခိုလှုံသူများထဲတွင် အမျိုးသမီးများနှင့် ကလေးများ  အများစု ပါဝင်နေသည်။ 
    နောက်ထပ် ခိုလှုံသူ ၃၀ဝ ခန့်သည်လည်း မိုးရေထဲတွင် လမ်းလျှောက်ကာ ဂွာတီမာလာနှင့် နယ်စပ်ရှိ အဂွာမြို့သို့ ခရီးဆက်လျက်ရှိသည်။ 
ခိုလှုံသူများသည်  လမ်းတစ်လျှောက် ဈေးဆိုင်များနှင့် ဒေသခံများထံမှ စားသောက်စရာနှင့်ရေကို အလှူခံကာ ခရီးဆက်လျက်ရှိသည်။

လမ်းတစ်လျှောက် ပူးပေါင်းလာသည့် နောက်ထပ် ခိုလှုံသူများလည်း ရှိနေသဖြင့် အရေအတွက်သည် များသထက် များလာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။ 
    ခိုလှုံသူ လူစုအသစ်ကြောင့် လမ်းတစ်လျှောက် ဂွာတီမာလာ၊ မက္ကဆီကို နိုင်ငံတို့တွင်  တင်းမာမှုများ  မြင့်တက်လာနိုင်သလို၊ အမေရိကန်နှင့် အထက်ပါနိုင်ငံများ ဆက်ဆံရေးသည်လည်း ပိုမိုတင်းမာလာဖွယ်ရှိနေသည်။ 
    အမေရိကန်တောင်ပိုင်းနယ်စပ်နှင့် အနီးဆုံးဖြစ်သော မက္ကဆီကို နယ်စပ်မြို့ တီဟွာနာ၌လည်း ရှေ့ပိုင်းက ခရီးဆက်ခဲ့ကြသော ခိုလှုံသူ လူစုကြီး သုံးစုထိ ရောက်ရှိနေပြီး ပြီးခဲ့သည့် နိုဝင်ဘာကတည်းက ထိုနေရာတွင် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေခြင်းဖြစ်သည်။ 
ယခုနောက်ဆုံး ခိုလှုံသူ လူစုကြီးသည် တီဟွာနာသို့ပင် ထပ်မံဦးတည်မည်လား၊ အခြားနယ်စပ်မြို့ တစ်ခုခုသို့ ဦးတည်မည်လားကို သေချာစွာ မသိရသေးပေ။