ရန်ကင်းမြို့နယ်အတွင်း ရပ်ထားသည့်ယာဉ်ပေါ်မှ ကျပ် ၄၉ သိန်းဖိုးခန့်ပစ္စည်းများခိုးယူခဲ့သူ အငှားယာဉ်မောင်းပါသုံးဦးကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ယနေ့ဇန်နဝါရီ ၁၅ ရက်နေ့ တွင် ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၄ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေ အသက် ၂၄ နှစ်အရွယ် တိုင်ကြားသူ အမျိုးသားသည် ဧည့်ခံပွဲတစ်ခုမှ နေအိမ်သို့ ၄င်းပိုင်Suzuki Swiftယာဉ်ဖြင့် ပြန်လာခဲ့သည်။
ထိုသို့ပြန်လာစဉ် ရန်ကင်းမြို့နယ်၊ သစ္စာလမ်းမီးပွိုင့်အနီးအရောက် ယာဉ်ကိုဆက် လက်မမောင်းနှင်နိုင်တော့သဖြင့်လမ်းဘေးတွင်ရပ်ကာ လော့မချဘဲ အိပ်ပျော်သွားခဲ့သည်။
ထိုသို့ အိပ်ပျော်ခဲ့ပြီး နံနက် ၇ နာရီခန့်တွင် အိပ်ပျော်ရာမှနိုးလာစဉ်ယာဉ်နောက်တံခါး မှာပွင့် နေ သည်ကိုတွေ့ရှိရပြီး ယာဉ်ပေါ်ရှိ Laptop တစ်လုံး၊ ငွေ ၁၅၀ဝ၀ဝ ကျပ်ခန့်၊ လက်ပတ်နာရီ တစ်လုံး၊ စိန်လက်စွပ်တစ်ကွင်း၊ I Phone အမျိုးအစား လက်ကိုင်ဖုန်းနှစ်လုံးတို့ပျောက်ဆုံးနေသည်ကို သိရ သဖြင့် ရန်ကင်း မြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။
ရန်ကင်း မြို့မရဲစခန်းက (ပ)၁၅/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ အရ အမှုဖွင့် စုံစမ်းခဲ့သည်။
အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ၏ စုံစမ်းဖော်ထုတ်ချက်များအရ ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်ခန့်တွင် အခင်းဖြစ်ယာဉ်ပေါ်မှ မိန်းမလျာတစ်ဦးဆင်းသွားပြီး ယာဉ်ပေါ်မှ ပစ္စည်းများယူဆောင်သွားကာ အငှားယာဉ်ဖြင့် ထွက်ခွာသွားကြောင်း စီစီတီဗီမှတ်တမ်းများအရ စစ်ဆေးသိခဲ့ရသည်။
ထို့ကြောင့် ၎င်းအငှားယာဉ်အား လိုက်လံစုံစမ်းခဲ့ရာ အငှားယာဉ်မောင်းနှင်သူသည် ရွှေပြည်သာမြို့နယ်နေ ရှိုင်းထက်အောင်(ခ) အရှည်ကြီး (၂၇) နှစ်ဖြစ်ကြောင်းပေါ်ပေါက်ခဲ့သည်။
၄င်းကိုသက်ဆိုင်ရာက ဇန်နဝါရီ ၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး စစ်ဆေးချက်များအရ အဆိုပါ အမှု ကို ကျူးလွန်ခဲ့ပြီး ထိုသို့ကျူးလွန်စဉ်ရွှေပြည်သာမြို့နယ်နေ ရဲလင်းကို(ခ) လင်းလင်း(၂၄)နှစ်နှင့် ဇင်မျိုး ကျော် (ခ) ချစ်ချစ်(၃၁)နှစ်တို့ ပါဝင်ကြောင်း သက်ဆိုင်ရာက သိရှိခဲ့သည်။
အမှုတွင် ပါဝင်ကျူးလွန်သူများကို သက်ဆိုင်ရာက ဆက်လက်ဖမ်းဆီးကာ အမှုဖွင့် အရေးယူထားသည်။

















