YBS ယာဉ်လိုင်းများပေါ်မှ လက်ကိုင်ဖုန်း ၁၇ လုံးနှိုက်ယူခဲ့သူကို ဖမ်းမိ

YBS ယာဉ်လိုင်းများပေါ်မှ လက်ကိုင်ဖုန်း ၁၇ လုံးနှိုက်ယူခဲ့သူကို ဖမ်းမိ

YBS ယာဉ်လိုင်းများပေါ်မှ လက်ကိုင်ဖုန်း ၁၇ လုံးနှိုက် ယူခဲ့သူကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ဇန်နဝါရီ ၁၅ ရက်တွင် သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် အင်းစိန်မြို့နယ် ကမ်းနားအလယ်ရပ်ကွက် ကမ်းနားကားမှတ်တိုင်တွင် YBS ယာဉ်လိုင်း အမှတ်(၆)ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက် မသင်္ကာသူ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ ရန်ပြေဦး(၃၃ နှစ်)ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့သည်။

၄င်းကို ဖမ်းမိစဉ် သိမ်းဆည်းရမိခဲ့သည့် လက်ကိုင်ဖုန်းမှာ အဆိုပါနေ့ မွန်းတည့် ၁၂ နာရီခန့်က ကမာရွတ်မြို့နယ် ဆင်ရေတွင်းမှတ်တိုင်အရောက် YBS ယာဉ်လိုင်းအမှတ်(၂၁)ယာဉ်ပေါ်ပါ အမျိုးသမီး တစ်ဦးထံမှ နှိုက်ယူခဲ့သည့် ဖုန်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

အခြားအမှုများကျူးလွန်ထားခြင်းရှိမရှိဆက်လက်စစ်ဆေးရာ ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ လများအတွင်းက သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ YBS ယာဉ်လိုင်းများပေါ်မှ လက်ကိုင်ဖုန်းလေးလုံး ၊တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ YBS ယာဉ်လိုင်းများပေါ်မှ လက်ကိုင်ဖုန်းသုံးလုံး၊ မြောက်ဥက္က လာပမြို့နယ်အတွင်းရှိ YBS ယာဉ်လိုင်းများပေါ်မှလက်ကိုင်ဖုန်းသုံးလုံး၊ တာမွေမြို့နယ်အတွင်းရှိ YBS ယာဉ်လိုင်းများပေါ်မှ လက်ကိုင်ဖုန်းသုံးလုံးနှင့် ရန်ကင်းမြို့နယ်အတွင်းရှိ YBS ယာဉ်လိုင်းများပေါ်မှ လက်ကိုင်ဖုန်းသုံးလုံး စုစုပေါင်းလက်ကိုင်ဖုန်း (၁၇)လုံးကို နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သည်။ 
သက်ဆိုင်ရာက ၄င်းနှိုက်ယူခဲ့သည့် လက်ကိုင်ဖုန်းများကိုရောင်းချပေါင်နှံထားသည့်နေရာများမှ သိမ်းဆည်းကာ ဆက်လက်အမှုဖွင့်အရေးယူထားသည်။