ဘရက်ဇစ်အဆိုပြုချက် ဗြိတိန်လွှတ်တော်မဲအပြတ်ဖြင့် ပယ်ချ

ဘရက်ဇစ်အဆိုပြုချက် ဗြိတိန်လွှတ်တော်မဲအပြတ်ဖြင့် ပယ်ချ

ဗြိတိန်သည် ဥရောပသမဂ္ဂ(အီးယူ)မှထွက်ခွာရေး အီးယူနှင့်ဝန်ကြီးချုပ်၏ အစီအစဉ်ကို ဗြိတိန်အောက်လွှတ်တော်က ထောက်ခံမဲ ၂၀၂ မဲ၊ ကန့်ကွက်မဲ ၄၃၂ မဲဖြင့် ပြတ်ပြတ်သားသားပယ်ချခဲ့သည်။

ဝန်ကြီးချုပ် ထရီဆာမေသည် အယုံအကြည်မရှိ အဆိုနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။
    ဇန်နဝါရီ ၁၅ ရက်ည လွှတ်တော်ဆုံးဖြတ်ချက်ကြောင့် ခေတ်သစ်ဗြိတိန်သမိုင်းတွင် လွှတ်တော်၌ အစိုးရတစ်ရပ်၏ အဆိုးရွားဆုံးအရေးနိမ့်မှုဖြစ်ခဲ့ပြီး အတိုက်အခံလေဘာပါတီခေါင်းဆောင် ဂျရယ်မီကိုဘန်က ကွန်ဆာဗေးတစ်ဝန်ကြီးချုပ် မေကို အယုံအကြည်မရှိအဆိုတင်သွင်းမည်ဖြစ်ကြောင်း ချက်ချင်းပြောဆိုခဲ့သည်။ 
၂၀၁၆ ခုနှစ်ဇွန်လတွင် အီးယူမှ ဗြိတိန်ထွက်ခွာရန် ပြည်သူ့ဆန္ဒခံယူပွဲကထောက်ခံမဲ ၅၂ ရာခိုင်နှုန်း၊ ကန့်ကွက်မဲ ၄၈ ရာခိုင်နှုန်းဖြင့် ဆုံးဖြတ်ခဲ့သည့်နောက် မေသည် နှစ်နှစ်အတွင်း ဘရက်ဇစ်အရေးကို အောင်မြင်စွာမဆောင်ရွက်နိုင်ခြင်းကြောင့် နိုင်ငံနှင့်လွှတ်တော်၏ယုံကြည်မှု ဆုံးရှုံးနေပြီဖြစ်ကြောင်း ကိုဘန်က ပြောဆိုခဲ့သည်။
မေကမူ ၄င်းအပေါ် အယုံအကြည်ရှိကြောင်း မဲခွဲရန်နှင့်မဲခွဲမှုတွင် ၄င်းအနိုင်ရပါက ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ပြောဆိုခဲ့သည်။ ဘရက်ဇစ်အရေးမဲမခွဲမီ ယင်းအဆိုပယ်ချခံရပါက ဗြိတိန်သည် အီးယူမှ သဘောတူညီချက်မပါဘဲ နှုတ်ထွက်မည့်အစား ပြည်သူ့ဆန္ဒဖြစ်သည့် နုတ်ထွက်ရေး လုံးဝမဖြစ်မြောက်မည့်အခြေအနေနှင့်လည်း ရင်ဆိုင်ရနိုင်ကြောင်း မေက သတိပေးထားသည်။
အတိုက်အခံတို့၏ အယုံအကြည်မရှိအဆိုတွင် မေထပ်မံရှုံးနိမ့်ပါက ချေပရန် နှစ်ပတ်အချိန်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက ရွေးကောက်ပွဲနှင့် ရင်ဆိ်ုင်ရမည်ဖြစ်သည်။ လက်ရှိ၌လည်း မေကို ဘရက်ဇစ်အဆိုပြုချက်အသစ် တင်သွင်းရန် လွှတ်တော်က ဇန်နဝါရီ ၂၂ ရက်နောက်ဆုံး အချိန်ပေးခဲ့သည်။
ဘရက်ဇစ်အရေးကို လွန်ခဲ့သည့်ဒီဇင်ဘာတည်းက လွှတ်တော်တွင် မဲခွဲရန်ဖြစ်ရာ သေချာပေါက်ပယ်ချနိုင်သည်ဖြစ်၍ မေကအချိန်ရွေွှ့ဆိုင်းခဲ့ပြီး အဆိုပြုချက်ကိုထောက်ခံကြရန် စည်းရုံးခဲ့သော်လည်း ယခုမဲခွဲမှုတွင်လည်း အပြတ်အသတ် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
အီးယူခေါင်းဆောင်များနှင့်မေတို့ သဘောတူထားသည့် ဘရက်ဇစ်မူကြမ်းကို ၄င်းတို့နှင့်မေ ပြန်လည်ညှိနှိုင်းရန် မေ၏ကွန်ဆာဗေးတစ်အမတ်အချို့က ဆန္ဒရှိကြပြီး အီးယူကမူ နောက်ထပ်ညှိနှိုင်းရန် ငြင်းပယ်ထားသည်။