အီရန်ဒုံးကျည်စီမံကိန်းတိုးတက်လုပ်ဆောင်မှု အရေးနိမ့်ခဲ့

အီရန်ဒုံးကျည်စီမံကိန်းတိုးတက်လုပ်ဆောင်မှု အရေးနိမ့်ခဲ့

အီရန်နိုင်ငံ၏ ဒုံးကျည်စီမံကိန်း တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်မှုဖြစ်ကြောင်း အမေရိကန်က ပြစ်တင်စွပ်စွဲခဲ့သည့် ဇန်နဝါရီ ၁၅ ရက်က ဒုံးပျံဖြင့် အာကာသတွင်းဂြိုဟ်တု လွှတ်တင်ရေးသည် အရေးနိမ့်ခဲ့သည်။

ဒုံးပျံဖြင့်သယ်ဆောင်သွားသည့် ပါရမ်ဂြိုဟ်တုသည် လွှတ်တင်ရေးတတိယဆင့်၌ လိုအပ်သည့်အရှိန်မရရှိခဲ့ကြောင်း အီရန် ဆက်သွယ်ရေးဝန်ကြီး မိုဟာမက်ဂျာဗက်အဇာရီဂျက်ရိုမီက ပြောဆိုခဲ့သည်။ 
ချွတ်ယွင်းမှုအသေးစိတ်ကို ထုတ်ဖော်ခြင်း မပြုဘဲ အီရန်သိပ္ပံပညာရှင်များသည် ၄င်းတို့လုပ်ငန်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ပြောဆိုခဲ့သည်။
    အီရန်၏ယင်းဂြိုဟ်တုလွှတ်တင်မှုသည် အမေရိကန်ကို တိုက်ခိုက်နိုင်မည့် နျူကလီးယားလက်နက် သယ်ဆောင်နိုင်မည့် ဒုံးကျည်ဖွံ့ဖြိုးရေးလုပ်ဆောင်မှုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောဆိုထားသည်။
    အီရန်သည် ပါယမ်နှင့် ဒူစတီအမည်ရှိ စစ်ဘက်သုံးမဟုတ်သည့် ဂြိုဟ်တုနှစ်လုံး အာကာသအတွင်းလွှတ်တင်ရန် စီစဉ်ထားကြောင်း ပြောဆိုခဲ့သည်။ 
ဖာစီဘာသာဖြင့် ပါယမ်ဆိုသည်မှာ သတင်းစကားဟု အဓိပ္ပာယ်ရပြီး ယင်းဂြိုဟ်တုက စိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းများကို ကူညီနိုင်မည်ဟု ဆိုသည်။
    ဇန်နဝါရီ ၁၅ ရက်က လွှတ်တင်မှုကို ဆမ်းနန်ပြည်နယ်ရှိ အီမမ်ခိုမေနီအာကာသစင်တာမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းသည် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံဖြစ်သည်။

ပါယမ်ဂြိုဟ်တုသည် အိန္ဒိယသမုဒ္ဒရာထဲ ကျရောက်သွားဖွယ် ရှိကြောင်းလည်း သိရသည်။ 
အီရန်သည် လွန်ခဲ့သည့်ဆယ်နှစ်အတွင်း ဂြိုဟ်တုအချို့ကို အာကာသအတွင်း လွှတ်တင်ခဲ့ပြီး ၂၀၁၃ ခုနှစ်က ဂြိုဟ်တုထဲ မျောက်တစ်ကောင်ကို တင်လွှတ်ခဲ့သည်။
    အီရန်၏နျူကလီးယားစီမံကိန်းကို အမေရိကန်နှင့်နိုင်ငံကြီးများပါဝင်သည့် ၂၀၁၅ ခုနှစ်က သဘောတူညီချက်တစ်ရပ်ဖြင့် ကန့်သတ်ခဲ့သော်လည်း သမ္မတထရမ့်လက်ထက်၌ ယင်းစာချုပ်သည် ချွတ်ယွင်းချက်များ ရှိကြောင်းပြောဆိုလျက် အမေရိကန်က စာချုပ်မှနုတ်ထွက်ခဲ့သည်။