မူးယစ်မှောင်ခိုမှုဖြင့် ကနေဒါနိုင်ငံသားကို သေဒဏ်ပေးခြင်းသည် နိုင်ငံရေးအရညစ်ခြင်းဖြစ်သည်ဟု ကနေဒါကစွပ်စွဲချက်ကို တရုတ်ကပယ်ချလိုက်ပြီး ကနေဒါသည်သာ စံနှစ်မျိုးကျင့်သုံးကာ ညစ်နေခြင်းဖြစ်သည်ဟု တန်ပြန်စွပ်စွဲလိုက်သည်။
ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးအနေဖြင့် စကားကို လက်လွတ်စပယ်ပြောကာ တရုတ်ကိုစွပ်စွဲနေခြင်းမျိုးရပ်တန်းကရပ်ရန်၊ ရှေ့တစ်မျိုး နောက်တစ်မျိုးစံနှစ်မျိုးကျင့်သုံးနေသည်မှာ ကနေဒါသာဖြစ်ကြောင်းတရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ရောဘတ် လွိုက် ရှယ်လန်းဘတ်ဂ်ကို မူးယစ်မှောင်ခိုကုန်ကူးမှုဖြင့် တရုတ်တွင် ဖမ်းမိကာ ကနဦးတွင် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပြီးနောက် အယူခံတရားရုံးက အမှုကိုသုံးသပ်ကာ ပြစ်ဒဏ်နည်းသည်ဟုဆုံးဖြတ်ပြီး သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လက တရုတ်အခြေစိုက် ဟွာဝေးကုမ္ပဏီဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုးကို အမေရိကန်၏ တောင်းဆိုမှုအရ ကနေဒါကဖမ်းဆီးခဲ့ပြီးနောက် တရုတ်နှင့် ကနေဒါကြားတင်းမာမှု မြင့်တက်လျက်ရှိရာကနေဒါနိုင်ငံသားကို သေဒဏ်ထိတိုးမြှင့်ချမှတ်ခြင်းကို တရုတ်ဘက်က နိုင်ငံရေးအရ လက်စားချေခြင်းဟု ကနေဒါဘက်ကစွပ်စွဲလျက်ရှိသည်။
အီရန်အား အမေရိကန်ဆန်ရှင် ချမှတ်ထားခြင်းကိုရှောင်ရှားကာ ကုန်သွယ်နိုင်ရန် မန်ဝမ်ကျိုးသည် ၂၀ဝ၉ မှ ၂၀၁၄ ခုနှစ်အတွင်း ကုမ္ပဏီပွားတစ်ခုထူထောင်ခဲ့ကြောင်း အမေရိကန်ကစွပ်စွဲထားသည်။
အသက် ၄၆ နှစ်အရွယ် မစ္စ မန်ကစွဲချက်များကို ငြင်းဆိုထားသည်။ မစ္စ မန်သည် လက်ရှိတွင် အာမခံဖြင့် နေထိုင်လျက်ရှိပြီး အချိန်ပြည့်စောင့်ကြည့်ခံရကာ တည်နေရာပြစက်လည်း ဝတ်ဆင်ထားရသည်။

















