ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီရှိဇိမ်ခံဟိုတယ်လုပ်ငန်းစု၌ ဇန်နဝါရီ ၁၅ ရက်ညက အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူအများအပြားသေဆုံးခဲ့ပြီး အဲလ်ရှာဘက်အကြမ်းဖက်လက်ချက်ဖြစ်ကြောင်း ၄င်းတို့က ကြေညာခဲ့သည်။
ဘားများ၊ စားသောက်ဆိုင်များ၊ ရုံးခန်းများနှင့် ဘဏ်များဖွင့်လှစ်ထားသည့် ဒူးဆစ်ဒီတူးဟိုတယ်စုနေရာတွင် ပစ်ခတ်မှုနှင့်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
ကင်ညာရဲများ ဇန်နဝါရီ ၁၆ ရက် နေ့လယ်အထိ ရှင်းလင်းနေရဆဲဖြစ်ပြီး အနည်းဆုံး အလောင်း ၁၆ လောင်း ဆွဲထုတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ဘဏ်တစ်ခု၏အပြင်မှ ကားသုံးစီးကိုဖောက်ခွဲမှုနှင့် ဟိုတယ်အဝတစ်ခုတွင် အသေခံဗုံးခွဲမှုတို့ဖြင့် တိုက်ခိုက်မှုကို စတင်ခဲ့ကြောင်း၊ ဧည့်သည်များအပါအဝင် အထိအခိုက် များပြားကြောင်း ကင်ညာရဲချုပ်ကပြောဆိုခဲ့သည်။
အကြမ်းဖက်သမားတို့က လူ ၄၀ ကျော် ဖမ်းဆီးထားကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး အခြေအနေ အသေးစိတ်ကို သဲသဲကွဲကွဲ မသိရသေးပေ။ သေဆုံးသူများတွင် အနည်းဆုံး အမေရိကန်တစ်ဦးပါဝင်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဌာနက အတည်ပြုခဲ့သည်။
ကင်ညာအစိုးရက အထူးတပ်ဖွဲ့များစေလွှတ်ခဲ့ပြီး စီးနင်းတိုက်ခိုက်မှုစတင်သည့်နောက် ရှစ်နာရီအကြာတွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းကြေညာခဲ့သည်။
သို့သော် ယင်းသို့ကြေညာအပြီး တစ်နာရီခန့်အကြာတွင် သေနတ်သံများ ပိုမိုကြားကြရကြောင် းကင်ညာရုပ်သံကထုတ်လွှင့်ခဲ့သည်။
အယ်လ်ခိုင်ဒါနှင့်ဆက်နွှယ်သည့် အဲလ်ရှာဘက်သည် ဆိုမာလီအခြေစိုက် အစ္စလာမ္မစ်အစွန်းရောက် အကြမ်းဖက်အဖွဲ့ ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကလည်း နိုင်ရိုဘီရှိ ဈေးဝယ်စင်တာတစ်ခုတွင် ၄င်းတို့တိုက်ခိုက်မှုကြောင့် ၆၇ ဦး သေဆုံးခဲ့သည်။
၂၀၁၁ ခုနှစ်၌ ဆိုမာလီရှိ အဲလ်ရှာဘက်တို့ကို တိုက်ခိုက်ရန် ကင်ညာက တပ်များစေလွှတ်ခဲ့ပြီးနောက် ကင်ညာတို့ကို လက်စားချေရန် အဲလ်ရှာဘက်က ကတိပြုထားသည်။
အရှေ့အာဖရိကမှ ကင်ညာအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် အရေးပါသည့် ဝင်ငွေရင်းမြစ်ဖြစ်ပြီး အကြမ်းဖက်မှုများကြောင့် လုပ်ငန်းထိခိုက်နေသည်။

















